ချယ်လ်ဆီးအသင်းကတော့ ရိုးမားအသင်းဆီမှာ တစ်ရာသီ အငှားချထားတဲ့ တိုက်စစ်ကစားသမား ရိုမယ်လ်လူ လူကာကူကို လာမယ့်နွေမှာ ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေဆီ ရောင်းထုတ်သွားဖို့ စီစဉ်လျက် ရှိနေတယ်လို့ အီတလီ အခြေစိုက် သတင်းမီဒီယာ Gazzetta ကနေ ဖော်ပြလာခဲ့ပါတယ်။

ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူဟာ လွန်ခဲ့တဲ့ ၂၀၁၁ခုနှစ်ကတည်းက ချယ်လ်ဆီးအသင်းဆီကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပေမယ့် ချယ်လ်ဆီးမှာ မတောက်ပနိုင်ခဲ့တာကြောင့် ၂၀၁၄မှာပဲ အပြီးသတ် ထွက်ခွာခဲ့ရသလို ၂၀၂၁မှာတော့ ချယ်လ်ဆီးကို ဒုတိယအကြိမ် ထပ်မံ ရောက်ရှိလာခဲ့ပြန်ပါတယ်။

Photo Credit : Goal

အင်တာမီလန်ကနေ ချယ်လ်ဆီးအသင်းဆီကို ပေါင် သန်း(၁၀၀)နီးပါးလောက်နဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့တဲ့ လူကာကူဟာ ဒီတစ်ကြိမ်မှာလည်း အသင်းအတွက် စွမ်းဆောင်နိုင်ခြင်း မရှိတဲ့အပြင် အင်တာဗျူး အစီအစဉ်မှာလည်း နည်းပြ တူဟယ်လ်ကို ဝေဖန်ခဲ့ရင်း နောက်ဆုံး အင်တာကိုပဲ အငှားနဲ့ ပြန်လည် ရောက်ရှိသွားခဲ့ပါတယ်။

ဒီရာသီမှာတော့ ရိုးမားအသင်းဆီ အငှားနဲ့ ထပ်မံ ပြောင်းရွှေ့ခဲ့ရတဲ့ လူကာကူဟာ လက်ရှိမှာလည်း သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ရေရေရာရာ မရှိသေးပဲ ရိုးမားကလည်း လူကာကူကို အပြီးသတ် ခေါ်ယူချင်နေပေမယ့် လူကာကူရဲ့ ပြောင်းရွှေ့ကြေးကို ပေးချေသွားဖို့က ခက်ခဲနေရပါတယ်။

Photo Credit : Goal

ချယ်လ်ဆီးဘက်ကလည်း လူကာကူကို လာမယ့်နွေမှာ အသင်းကနေ အပြီးသတ် ရောင်းထုတ်သွားချင်နေပြီး FFP စည်းမျဉ်းတွေအရ လူကာကူကို အငှားမချတော့ပဲ တစ်ခါတည်း အပြီးသတ်သာ ရောင်းချချင်တဲ့အတွက် ဆော်ဒီပရိုလိဂ်ရဲ့ အကြီးအကဲတွေနဲ့ ဆက်သွယ်ထားခဲ့ပါတယ်။

ဆော်ဒီကလပ်အသင်းတွေကလည်း လူကာကူကို ပြီးခဲ့တဲ့နွေကတည်းက ခေါ်ယူချင်ခဲ့ပြီး လာမယ့်နွေမှာလည်း ထပ်မံ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ဆော်ဒီအသင်းတွေဆီ ပြောင်းရွှေ့ဖို့ထက် ဥရောပမှာပဲ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းသွားချင်နေလို့ ဒါက ချယ်လ်ဆီးအတွက် အခက်အခဲတစ်ခု ဖြစ်လာနိုင်ပါတယ်။