ချယ်လ်ဆီးအသင်းကတော့ လာမယ့်နွေမှာ အသင်းတိုက်စစ်ပိုင်းအတွက် နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပေမယ့် တကယ်လို့ မခေါ်ယူနိုင်ခဲ့ရင်တော့ အင်တာမီလန်ရဲ့ တိုက်စစ်ကစားသမား လော်တာရို မာတီနက်ဇ်ကိုသာ ပြောင်းလဲ ကြိုးပမ်းလာနိုင်တယ်လို့ သိရပါတယ်။

ချယ်လ်ဆီးက နိုင်ဂျီးရီးယား တိုက်စစ်ကစားသမား အိုဆီမန်ကို ပစ်မှတ်ထားနေတာ ဖြစ်ပေမယ့်လည်း ဘာပေကို လက်လွတ်ရတော့မယ့် ပီအက်စ်ဂျီကပါ အိုဆီမန်ကို ဘာပေနေရာအတွက် အစားထိုးချင်နေသလို မြို့ခံကလပ် အာဆင်နယ်ရဲ့ ရေဒါထဲမှာလည်း အိုဆီမန် ပါဝင်လို့နေပါတယ်။

Photo Credit : TEAMtalk

ဒါကြောင့် ချယ်လ်ဆီးဘက်က အိုဆီမန်ကို မခေါ်ယူနိုင်ခဲ့ရင် တခြားသော options တွေကို စဉ်းစားထားနေရပြီး လက်ရှိမှာတော့ အင်တာမီလန်ရဲ့ အသင်းခေါင်းဆောင် အာဂျင်တီးနား တိုက်စစ်မှူး မာတီနက်ဇ်ကို အတော်လေး စိတ်ဝင်စားလျက် ရှိနေပါတယ်။

အသက် (၂၆)နှစ်အရွယ် တောင်အမေရိက တိုက်စစ်ကစားသမား မာတီနက်ဇ်ဟာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်ကတည်းက အာဂျင်တီးနားကနေ အင်တာမီလန်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး အခုဆိုရင် အင်တာနဲ့ ဘောလုံးရာသီ (၆)ရာသီခန့်အထိတောင် ဖြတ်သန်းထားခဲ့ပြီးပြီ ဖြစ်ပါတယ်။

Photo Credit : Goal

အင်တာနဲ့ ပြည်တွင်းဆုဖလားတွေ များစွာကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီး ၂၀၂၂ကလည်း အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ထားခဲ့တဲ့ မာတီနက်ဇ်ဟာ လက်ရှိမှာလည်း အင်တာမီလန်အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ လုပ်ဆောင်လျက် ရှိနေပြီး လုပ်ခလစာ တိုးမြှင့်တောင်းဆိုမှုမှာတော့ အနည်းငယ် အဆင်မပြေနိုင်ဖွယ်ရာတွေ ရှိလာနိုင်ပါတယ်။

ဒီလို အခြေအနေမျိုး ရှိလာခဲ့ရင် ချယ်လ်ဆီးအသင်းဘက်က မာတီနက်ဇ်အတွက် မြင့်မားတဲ့ တစ်နှစ်လုပ်ခမျိုးနဲ့ ကမ်းလှမ်းသွားဖို့ အစီအစဉ် ရှိလို့နေပြီး အင်တာကတော့ သူတို့ရဲ့ ထိပ်တန်းကစားသမားကို လက်လွတ်ရမယ်ဆိုရင် ပြောင်းရွှေ့ကြေးအဖြစ် အနိမ့်ဆုံး ယူရို သန်း(၁၀၀)အထိ သတ်မှတ်လာနိုင်ဖွယ် ရှိနေပါတယ်။