ချယ်လ်ဆီးအသင်းဟာ မနေ့ညက ခရိုအေးရှား ထိပ်တန်းကလပ် ဒိုင်နမိုဇာဂရက်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ အဓိက ကစားသမား အများအပြားနဲ့ ပွဲထွက်လာခဲ့ပေမယ့် သွင်းဂိုးတစ်ဂိုးမှ မသွင်းယူနိုင်ခဲ့ပဲ အိမ်ရှင်အသင်းကို တစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့သာ ရှုံးနိမ့်သွားခဲ့ရပါတယ်။

Image

Photo Credit : Twitter

ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာသာ နောက်ဆုံးအကြိမ်အဖြစ် ဝင်ရောက်ဆင်နွဲခဲ့ရတာဖြစ်ပြီး အဲ့ဒီနောက် (၂)ရာသီဆက်တိုက် ခြေစစ်ပွဲ မအောင်မြင်ခဲ့လို့ ယူရိုပါလိဂ်ပြိုင်ပွဲတွေသာ ဆင်နွဲခဲ့ရပါတယ်။ ဒီရာသီမှာတော့ ချန်ပီယံလိဂ် ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ ဇာဂရက်အသင်းဟာ ချယ်လ်ဆီး အေစီမီလန် ဆာလ်ဇ်ဘာ့ဂ်အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့ပြီး အုပ်စုအတွင်း အင်အားအကြီးဆုံး ကလပ်အသင်းဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အဖွင့်ပွဲမှာ ဆုံတွေ့ခဲ့ရာ တိုက်စစ်မှုး အော်ဆစ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဒီရာသီ ချန်ပီယံလိဂ်မှာ အဖွင့်လှသွားခဲ့ရပါတယ်။

Photo Credit : Daily Express

ဒိုင်နမိုဇာဂရက်အသင်းဟာ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ် မတိုင်ခင် နောက်ဆုံးကစားထားတဲ့ ချန်ပီယံလိဂ် (၃၃)ပွဲအတွင်းမှာ နိုင်ပွဲ(၂)ပွဲသာ ရှိခဲ့ရပြီး သရေ(၄)ပွဲနဲ့ ရှုံးပွဲက (၂၇)ပွဲအထိကို ရှိခဲ့ရပါတယ်။ ဒီလို အခြေအနေမျို ရှိနေတဲ့ ဇာဂရက်အသင်းက ၂၀၂၀-၂၀၂၁ ခုနှစ်ရဲ့ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းကို တစ်လုံးတည်းသော သွင်းဂိုးနဲ့ ပေးဂိုးမရှိ နိုင်ပွဲရသွားခဲ့ပါတယ်။ နည်းပြ သောမတ်စ်တူဟယ်လ်အတွက် ချယ်လ်ဆီးနည်းပြဘဝ ပွဲပေါင်းတစ်ရာပြည့်မှာ ချယ်လ်ဆီးအသင်းသားတွေက တူဟယ်လ်အတွက် အမှတ်တရ နိုင်ပွဲတစ်ပွဲကို မဖော်ဆောင်ပေးနိုင်ခဲ့တဲ့အပြင် အသင်းရဲ့ ပထမပိုင်း ကစားပုံကလည်း အိမ်ရှင်အသင်းခံစစ်ကို မကျော်နိုင်ပဲ ရုန်းကန်နေခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ဂိုးသွင်းခွင့်တွေ များစွာ ရရှိခဲ့ပေမယ့်လည်း လိုအပ်နေတဲ့ ချေပဂိုး အနိုင်ဂိုးတွေ သွင်းယူနိုင်ခြင်း မရှိပဲ (၁၃)မိနစ်ကတည်းက ခွင့်ပြုပေးထားရတဲ့ ဂိုးနဲ့သာ အဆုံးသတ်သွားခဲ့ရပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအတွက် ပိုအထိနာစေတာကတော့ ဒီရာသီမှာ ဖိုဖာနာ ကူလီဘလီ ကူကူရယ်လာတို့အတွက် ပြောင်းရွှေ့ကြေးများစွာ အသုံးပြုထားရတဲ့ ခံစစ်တန်းက ပရီးမီးယားလိဂ်ပွဲစဉ်(၁) အဲဗာတန်နဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်ကလွဲပြီး ကျန်တဲ့ ပွဲပေါင်း(၆)ပွဲဆက်တိုက် ပေးဂိုးတွေကို ခွင့်ပြုထားရတာပါပဲ။ ဒီရှုံးပွဲဟာ ချယ်လ်ဆီးအတွက်တော့ ဒီရာသီ ပြိုင်ပွဲစုံ အဝေးကွင်း (၃)ပွဲဆက် ရှုံးပွဲပါ ဖြစ်သွားခဲ့ရပါတယ်။