ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေသေးတဲ့ တိုက်စစ်ပိုင်း အတွက် ခရစ္စတယ် ပဲလေ့စ်ရဲ့ အဓိက တိုက်စစ်ကစားသမား ဇာဟာကို ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်လာကြောင်း နာမည်ကြီး သတင်းထောက် အဲလက်စ်ကွတ်ခ်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးပိုင်ရှင် လူကာကူကို အင်တာမီလန်ထံ တရာသီအငှားနဲ့ စေလွှတ်ထားသလို နောက်ထပ် တိုက်စစ်မှူး တဦး ဖြစ်တဲ့ တီမိုဗာနာကိုလည်း သူ့ရဲ့ အသင်းဟောင်း လိုက်ပ်ဇစ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင်နဲ့ ရောင်းချဖို့ သဘောတူထားတာကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အရန်သင့် သုံးနိုင်မယ့် တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ ချယ်လ်ဆီးက ဘာစီလိုနာ တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် အူဘာမီယန်းက သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်ရဲ့ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ တွန့်ဆုတ်နေတာကြောင့် ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက နောက်ထပ် တိုက်စစ်မှူးတွေကို လိုက်လံ ချိတ်ဆက်နေတာ ဖြစ်ပြီး ချယ်လ်ဆီးရဲ့ ပစ်မှတ်တွေထဲမှာ ခရစ္စတယ် ပဲလေ့စ်ရဲ့ အဓိက တိုက်စစ်ကစားသမား ဇာဟာလည်း ပါဝင်နေကြောင်း အဲလက်စ်ကွတ်ခ်က ဆိုပါတယ်။

နာမည်ကြီး သတင်းထောက် အဲလက်စ်ကွတ်ခ်ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဇာဟာအတွက် စုံစမ်းမှုတွေ စတင် ပြုလုပ်ထားပြီး ဇာဟာကလည်း သူ့ရဲ့ ကစားသမား ဘဝ အတောက်ပဆုံး အချိန်မှာ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ချင်နေတာကြောင့် ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို လက်ခံချင်နေကြောင်း သိရပါတယ်။

Photo Credit: Express

အသက် ၂၉နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဇာဟာက ခရစ္စတယ်ပဲလေ့စ် အတွက် ပြိုင်ပွဲစုံမှာ ၄၃၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၇၃ကြိမ် ပြုလုပ်ထားနိုင်သူပါ။

ခရစ္စတယ် ပဲလေ့စ်ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် ကစားသမား ဇာဟာကို ရောင်းချလိုခြင်း မရှိပေမယ့် အကယ်၍ ဇာဟာကသာ အသင်းပြောင်းခွင့် တောင်းခံလာရင် ဇာဟာကို အသင်းကနေ ထွက်ခွာခွင့် ပေးဖွယ် ရှိနေပြီး ပဲလေ့စ်က ဇာဟာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်း ဝန်းကျင် တောင်းဆိုနိုင်ပါတယ်။