ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ အားအနည်းဆုံး နေရာလို့ ပြောရမယ့် တိုက်စစ်ပိုင်း အတွက် မြို့ခံပြိုင်ဘက် စပါးရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ချယ်လ်ဆီးက ယခုနှစ် နွေဈေးကွက် အတွင်းမှာ သူတို့ရဲ့ အဓိက အထောင်တိုက်စစ်မှူး လူကာကူကို အင်တာမီလန်ထံ တရာသီအငှားနဲ့ စေလွှတ်ထားရသလို နောက်ထပ် တိုက်စစ်မှူး တဦး ဖြစ်သူ တီမိုဗာနာကလည်း အသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတာကြောင့် တိုက်စစ်ပိုင်း အတွက် ထိပ်တန်း အထောင်တိုက်စစ်မှူး တဦးကို မဖြစ်မနေ ခေါ်ယူနိုင်ဖို့ လိုအပ်နေပါတယ်။

Photo Credit: Talk Sports

ဒါကြောင့်ပဲ ချယ်လ်ဆီးရဲ့ ကင်းထောက်တွေနဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက ယခု နွေဈေးကွက် အတွင်းမှာ အသင်းနဲ့ အံဝင်မယ့် ထိပ်တန်း အထောင်တိုက်စစ်မှူး တဦးကို အသည်းအသန် ရှာဖွေနေပြီး နောက်ဆုံးရထားတဲ့ သတင်းတွေအရ ချယ်လ်ဆီးက မြို့ခံပြိုင်ဘက် စပါးရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေကြောင်း သိရှိထားရပါတယ်။

နာမည်ကြီး သတင်းထောက် ခရစ်ရှန် ဖော့ခ်ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အင်္ဂလန်ကြယ်ပွင့် ဟယ်ရီကိန်းကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့အပြိုင် စိတ်ဝင်စားနေပြီး ဟယ်ရီကိန်း အတွက် တရားဝင် ဆွေးနွေးမှုတွေ မကြာခင် ပြုလုပ်ဖို့ စီစဉ်ထားကြောင်း သိရှိရပါတယ်။

Photo Credit: Talk Sports

ဒါပေမယ့် စပါးကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဟယ်ရီကိန်းကို ယခုနှစ် နွေဈေးကွက် အတွင်းမှာ လက်လွှတ်ဖို့ စိတ်ကူးမရှိပဲ စပါးနည်းပြ ကွန်တီနဲ့ ဥက္ကဌ လီဗိုင်းတို့က ဟယ်ရီကိန်းကို အဓိကထားပြီး သူတို့ရဲ့ အပြောင်းအရွှေ့ စီမံကိန်းတွေကို ပုံဖော်ထားကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေကတော့ စပါးဟာ ဟယ်ရီကိန်း အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း အထက် ကမ်းလှမ်းမှုတွေ ရောက်လာရင် ဟယ်ရီကိန်းကို ရောင်းချနိုင်ဖွယ် ရှိပြီး စပါးက ဟယ်ရီကိန်းကို ရောင်းချဖြစ်ရင်လည်း ချယ်လ်ဆီးထက် ဘိုင်ယန်မြူးနစ်ဆီသာ ရောင်းချချင်နေကြောင်း သုံးသပ်ထားကြပါတယ်။