ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ကနေ တန်းဆင်းသွားရတဲ့ ဘန်လေရဲ့ ကြယ်ပွင့် ကစားသမား တဦး ဖြစ်သူ ကော်နက်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ကော်နက်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘန်လေရဲ့ တိုက်စစ်ပိုင်းကို အဓိက ဦးဆောင်ခဲ့ရသူ ဖြစ်ပြီး သူက အကောင်းမွန်ဆုံး စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ခဲ့ပေမယ့် ဘန်လေကတော့ စိတ်မကောင်းစရာနဲ့ပဲ တန်းဆင်းခဲ့ရပါတယ်။

Photo Credit: Team Talk

ကော်နက်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘန်လေအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၉ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာကြောင့် သူ့ရဲ့ ခြေစွမ်းတွေက တန်းဆင်းအသင်းရဲ့ ကစားသမားတွေထဲမှာ အတော်လေး ကောင်းမွန်ခဲ့တာကို ဘယ်သူမှ ငြင်းလို့ ရမယ် မထင်ပါဘူး။

ကော်နက်ရဲ့ တိုးအား ၊ ရုန်းအားတွေကြောင့်ပဲ ယခု နွေဈေးကွက် အတွင်းမှာ အသင်းကို သွေးသစ်လောင်းဖို့ ကြံရွယ်ထားတဲ့ ချယ်လ်ဆီးက ကော်နက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ချယ်လ်ဆီးဟာ မကြာခင်မှာပဲ ကော်နက် အတွက် တရားဝင် ကမ်းလှမ်းမှုတွေ စတင် ပြုလုပ်ဖွယ် ရှိကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksport သတင်းဌာနက ဆိုပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အဲလက်စ် ခရော့ကလည်း ချယ်လ်ဆီးဟာ ကော်နက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ကော်နက်ထံ ဆက်သွယ်မှုတွေ ပြုလုပ်ထားကာ ဘန်လေကတော့ ကော်နက်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၇.၅သန်း လိုချင်နေကြောင်း သိရပါတယ်။