ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ အားနည်းနေတဲ့ ညာနောက်ခံနေရာ အတွက် လိုင်ယွန်ရဲ့ လူငယ် ညာနောက်ခံလူ ဂတ်စတိုကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ညာနောက်ခံနေရာမှာ ရစ်စီဂျိမ်းစ်နဲ့ အက်စ်ပီလီကွီတာတို့ နှစ်ဦးကို ပိုင်ဆိုင်ထားပေမယ့် အက်စ်ပီလီကွီတာက အသက်အရွယ်ကြောင့် ခြေစွမ်းကျဆင်းသွားသလို ရစ်စီဂျိမ်းစ်ကလည်း ဒီရာသီမှာ ဒဏ်ရာတွေ မကြာခဏ ဆိုသလို ရရှိနေပါတယ်။

Photo Credit: UK Daily News

ဒါကြောင့်ပဲ ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာက နောက်ဆုံး ကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲမှာ ဇီရက်ဇ်ကို ညာအစွန်လူ အဖြစ် ကစားခိုင်းခဲ့ပြီး ဇီရက်ဇ်ကလည်း ဘယ်ခြေအားသန် ကစားသမား တဦး ဖြစ်တာကြောင့် ရစ်စီဂျိမ်းစ်နဲ့ အက်စ်ပီလီကွီတာတို့လို တိုက်စစ်မှူးတွေ အတွက် အကျိုးရှိတဲ့ ညာခြေ ဖြတ်တင်ဘောတွေကို မပေးပို့နိုင်ပါဘူး။

လက်ရှိမှာတော့ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ ညာနောက်ခံနေရာ အတွက် ကစားသမားသစ် တဦး ထပ်မံ ဝယ်ယူဖို့ ဆွေးနွေးနေကြပြီး ချယ်လ်ဆီးရဲ့ ကင်းထောက်တွေက လိုင်ယွန်နဲ့အတူ ခြေစွမ်းပြနေတဲ့ လူငယ် ခံစစ်မှူး ဂတ်စတိုကို ရစ်စီဂျိမ်းစ်နဲ့ နေရာယှဉ်လုနိုင်တဲ့ ကစားသမား အဖြစ် ရှုမြင်နေကြပါတယ်။

Photo Credit: UK Daily News

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် ယူ-၂၁ လက်ရွေးစင် ညာနောက်ခံလူ ဂတ်စတိုက တိုက်စစ်အားသန် ညာနောက်ခံလူ တဦး ဖြစ်သလို လိုအပ်ရင် ညာတောင်ပံ ကစားသမား အဖြစ်ပါ ကစားနိုင်စွမ်း ရှိပြီး ဂတ်စတိုက ယခုနှစ် ဘောလုံးရာသီမှာ လိုင်ယွန်အတွက် ၁၅ပွဲ ပါဝင် ကစားပေးထားရာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဂတ်စတိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဂတ်စတို အတွက် တရားဝင် ကမ်းလှမ်းမှု မလုပ်သေးပေမယ့် လာမယ့်အပတ်ထဲမှာ ဂတ်စတိုကို စတင် ကမ်းလှမ်းလာနိုင်ကြောင်း သိရပါတယ်။