ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် လာမယ့် ဆောင်းဈေးကွက်မှာ စပို့တင်း လစ္စဘွန်း တိုက်စစ်မှူး ကရော့ကီယက်စ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

ထိပ်တန်းနည်းပြ တဦး ဖြစ်သူ ပိုချက်တီနို ဦးဆောင်နေတဲ့ ချယ်လ်ဆီးက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး ပေါင် ၃၀၀သန်းကျော် သုံးစွဲကာ အသင်းကို အားဖြည့်မှုတွေ လုပ်ခဲ့ပေမယ့် ဒီရာသီမှာ သူတို့ရဲ့ ရလဒ်ပိုင်းက အတော်လေးကို ဆိုးဝါးနေပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၁၆) အပြီးမှာ အဆင့်(၁၂)နေရာ အထိ ရောက်ရှိနေပါတယ်။

Photo Credit: Record

ဒါကြောင့်ပဲ ပြီးခဲ့တဲ့တပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဲဗာတန် ၂-၀ ချယ်လ်ဆီး ပွဲအပြီးမှာ ချယ်လ်ဆီးနည်းပြချုပ် ပိုချက်တီနိုက သူတို့အသင်းဟာ လာမယ့် ဆောင်းဈေးကွက်မှာ ကစားသမားသစ်တွေ ထပ်ခေါ်ဖို့ လိုအပ်ကြောင်း ထုတ်ပြောခဲ့ကာ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေကလည်း ဆောင်းဈေးကွက်မှာ ခေါ်ယူမယ့် ကစားသမားတွေကို စတင် ရှာဖွေနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Guardianရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက လာမယ့် ဆောင်းဈေးကွက်မှာ ထိပ်တန်း တိုက်စစ်မှူး ၁ဦးကို ခေါ်ယူဖို့ ကြံရွယ်ထားပြီး ချယ်လ်ဆီးရဲ့ ပစ်မှတ်စာရင်းထဲမှာ စပို့တင်း လစ္စဘွန်းရဲ့ အဓိက တိုက်စစ်မှူး ကရော့ကီယက်စ်လည်း ပါဝင်နေကြောင်း သိရပါတယ်။

Photo Credit: Standard

အသက် ၂၅နှစ် အရွယ် ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူး ကရော့ကီယက်စ်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ ချန်ပီယံရှစ်ကလပ် ကိုဗန်ထရီ ကနေ စပို့တင်း လစ္စဘွန်းဆီ ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ကရော့ကီယက်စ်က စပို့တင်းဆီ ရောက်ရောက်ချင်းမှာပဲ အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

ကရော့ကီယက်စ်က ဒီရာသီမှာ စပို့တင်း လစ္စဘွန်း အတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၅ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်ထားနိုင်ပြီး စပို့တင်း လစ္စဘွန်းကတော့ ကရော့ကီယက်စ်ကို အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းကျော် ရမှပဲ ရောင်းချဖို့ စဉ်းစားမယ်လို့ ပေါ်တူဂီအခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြထားကြပါတယ်။