မန်ချက်စတာယူနိုက်တက်အသင်းဟာ နွေဈေးကွက်အတွင်းမှာ ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန် ကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူသွားဖို့အတွက် ကနဦး ကမ်းလှမ်းချက်ကို လုပ်ဆောင်လာခဲ့ရာ ချယ်လ်ဆီးဘက်က ဒီကမ်းလှမ်းချက်ကို ပယ်ချသွားခဲ့ပါတယ်။

Photo Credit : Stretty News

မေဆန်မောင့်က ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ဆောင်ရွက်ရင်း လစာကိစ္စ အဆင်မပြေမှုကြောင့် အသင်းကနေ ထွက်ခွာချင်နေတာဖြစ်ပြီး မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ပါ ရယူထားခဲ့ပါသေးတယ်။ ဒါပေမယ့် ချယ်လ်ဆီးဘက်က သူတို့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို အနည်းငယ်လောက်နဲ့ လက်ခံသွားဖို့ ဆန္ဒမရှိပဲ ပြောင်းရွှေ့ကြေး ပေါင် သန်း(၇၀)လောက်အထိ အလိုရှိနေတာက ယူနိုက်တက် နဲ့ မေဆန်မောင့်တို့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ခက်ခဲနေစေခဲ့ပါတယ်။

Photo Credit : Football London

ဒီအချိန်မှာပဲ ယူနိုက်တက်ဘက်ကနေ မေဆန်မောင့်အတွက် ကမ်းလှမ်းမှုတစ်ခုကို စတင် လုပ်ဆောင်လာခဲ့ပါတယ်။ နာမည်ကြီး ဘောလုံးအပြောင်းအရွှေ့ သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်များအရ ယူနိုက်တက်က မေဆန်မောင့်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း(၄၀)နဲ့ ကနဦး ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ချယ်လ်ဆီးကတော့ ဒီကမ်းလှမ်းချက်အား ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ယူနိုက်တက်က မောင့်ကို ခေါ်ယူနိုင်ဖို့ လက်မလျှော့သေးပဲ ဒုတိယအကြိမ် ကမ်းလှမ်းမှုကို မကြာခင်မှာပဲ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

မေဆန်မောင့်ကိုယ်တိုင်ကလည်း သူ့ကို ယူနိုက်တက်အသင်းဆီ ရောင်းချဖို့အတွက် ပြောင်းရွှေ့ကြေးတွေ များစွာ တောင်းဆိုရင်း နောက်ဆုံး အသင်းမပြောင်းလိုက်ရပဲ ချယ်လ်ဆီးမှာသာ သောင်တင်သွားခဲ့ရမယ် ဆိုရင်တောင် လာမယ့် ၂၀၂၄ခုနှစ် နွေမှာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားဖို့ အစီအစဉ် ရှိနေပါတယ်။