ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ယမန်နေ့ညမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရိုက်တန်ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် တန်းဆင်းဇုန်နဲ့ ရမှတ် ၁၂မှတ်သာ ကွာဟတော့ကာ တန်းဆင်းဇုန်အန္တရာယ်နဲ့ စတင် ရင်ဆိုင်လာရကြောင်း သိရပါတယ်။

ဒီရာသီမှာ နည်းပြအပြောင်းအလဲ ၃ကြိမ် အထိ ပြုလုပ်ထားတဲ့ ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၃၁) အဖြစ် ခြေစွမ်းတက်နေတဲ့ ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပေမယ့် ချယ်လ်ဆီးဟာ ဧည့်သည် ဘရိုက်တန်ကို ယှဉ်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။

Photo Credit: 90 Min

ချယ်လ်ဆီး ၁-၂ ဘရိုက်တန် ပွဲစဉ်မှာ ချယ်လ်ဆီးက ပွဲချိန် ၁၃မိနစ်မှာ ရရှိခဲ့တဲ့ ကွင်းလယ်လူ ဂါလက်ချာရဲ့ သွင်းဂိုးကြောင့် ပွဲကို ဦးဆောင်ခွင့် ရခဲ့ပေမယ့် ဘရိုက်တန်ရဲ့ ကစားအားနဲ့ တိုက်စစ်အားကို ကြာကြာ တောင့်မခံနိုင်ခဲ့ပဲ ဝဲလ်ဘက်နဲ့ အန်စီဆိုတို့ရဲ့ သွင်းဂိုးတွေကို ပြန်လည် ခွင့်ပြုပေးခဲ့ရပြီး ရှုံးပွဲနဲ့ ကြုံခဲ့ရပါတယ်။

ယခုရှုံးပွဲဟာ ယာယီနည်းပြ လမ်းပတ်ရဲ့ လက်ထက် ပြိုင်ပွဲစုံ ၃ပွဲဆက် ရှုံးနိမ့်မှု ဖြစ်သလို ချယ်လ်ဆီးက နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ ၅ပွဲဆက် နိုင်ပွဲ မရရှိခဲ့ပဲ အဆိုပါ ၅ပွဲမှာ ရမှတ် ၂မှတ်ထဲသာ စုဆောင်းနိုင်ခဲ့ပါတယ်။

Photo Credit: Standard

ဒါကြောင့် ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၃၁) အပြီးမှာ ရမှတ် ၃၉မှတ်နဲ့ အဆင့်(၁၁)နေရာမှာ ရှိနေခဲ့ပြီး ချယ်လ်ဆီးဟာ အဆင့်(၁၈)နေရာမှာ ရှိနေတဲ့ နော်တင်ဟမ် ဖောရက်စ်နဲ့ ရမှတ် ၁၂မှတ်သာ ကွာဟတော့တာကြောင့် တန်းဆင်းရမယ့် အန္တရာယ်နဲ့ စတင် ရင်ဆိုင်လာရပါတယ်။

ရာသီကုန်ဆုံးဖို့ ၇ပွဲသာ လိုအပ်တော့ချိန်မှာ ချယ်လ်ဆီးက နော်တင်ဟမ် ဖောရက်စ်ကို ရမှတ် ၁၂မှတ် အထိ ဖြတ်တောက်ထားနိုင်ပေမယ့် ချယ်လ်ဆီးဟာ လက်ကျန် ၇ပွဲမှာ မန်ချက်စတာ ယူနိုက်တက် ၊ မန်ချက်စတာ စီးတီး ၊ အာဆင်နယ်နဲ့ နယူးကာဆယ်တို့လို ချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ပြိုင်ဆိုင်နေကြတဲ့ အသင်းတွေနဲ့ ပွဲကျပ်တွေ ကစားရဖို့ ကျန်နေသေးသလို ဘရန့်ဖို့ဒ် ၊ ဘုန်းမောက်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့လို တန်းဆင်းဇုန် ရုန်းအားနဲ့ ကစားကြမယ့် အသင်းတွေကို ရင်ဆိုင်ရဦးမှာ ဖြစ်ပြီး လက်ကျန် ၇ပွဲမှာသာ ချယ်လ်ဆီးက ရမှတ် ၁၀မှတ် မစုဆောင်းနိုင်ခဲ့ရင် မထင်မှတ်ပဲ ပရီးမီးယားလိဂ် ကနေ တန်းဆင်းရနိုင်ချေ ရှိနေပါတယ်။