ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက သူတို့ရဲ့ လူငယ်ကြယ်ပွင့် စုဆောင်းရေး စီမံကိန်းအတွက် ဘရာဇီးလ်ကလပ် ဆန်းတို့စ်ရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဝါရှင်တန်ကို ထပ်မံ ခေါ်ယူနိုင်တော့မယ်လို့ နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ချယ်လ်ဆီးက ပြီးခဲ့တဲ့ ဘောလုံးရာသီအစမှာ အသင်းရဲ့ စီမံအုပ်ချုပ်မှုအပိုင်းကို အပြောင်းအလဲ များစွာ ပြုလုပ်ပြီးနောက် လူငယ်ကြယ်ပွင့် စုဆောင်းရေး စီမံကိန်းကို စတင် အကောင်အထည် ဖော်ခဲ့ပြီး ချယ်လ်ဆီးဟာ လူငယ်ကြယ်ပွင့် များစွာကို အသင်းဆီ ခေါ်ယူထားနိုင်ပါတယ်။

Photo Credit: UOL

ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အူဂိုချူကူး ၊ အန်ဂျလို ၊ မော်ရီယေး စတဲ့ လူငယ်ကြယ်ပွင့်တွေကို ပြောင်းရွှေ့ကြေး ယူရို ၄၂သန်း ဝန်းကျင် အကုန်အကျ ခံကာ ခေါ်ယူထားပြီး ယခုတခါမှာလည်း ဆန်းတို့စ်မှာ တောက်ပနေတဲ့ ဝါရှင်တန်ကို ထပ်မံ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် လူငယ်ကြယ်ပွင့် ဝါရှင်တန်က အထောင်တိုက်စစ်နဲ့ တောင်ပံတိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး ဝါရှင်တန်က ဆန်းတို့စ်အတွက် ပြိုင်ပွဲစုံမှာ ၁၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ပါတယ်။

Photo Credit: UOL

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ယနေ့မနက်ပိုင်းမှာပဲ ဝါရှင်တန်ကို ခေါ်ယူဖို့ အတွက် ကစားသမားနဲ့ရော ၊ ဆန်းတို့စ်နဲ့ပါ တရားဝင် သဘောတူညီမှု ရခဲ့ပြီး ချယ်လ်ဆီးက ဝါရှင်တန်အတွက် ဆန်းတို့စ်ထံ စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ပေးချေရမယ်လို့ သိရပါတယ်။

ချယ်လ်ဆီးက ဝါရှင်တန်ကို ခေါ်ယူပြီးနောက် သူတို့ရဲ့ မိတ်ဖက်ကလပ် ဖြစ်တဲ့ ပြင်သစ် လီဂူးဝမ်းကလပ် စထရက်ဘော့ဆီ တရာသီ အငှားချဖို့ စီစဉ်ထားကြောင်းလည်း ရိုမာနိုက ဆိုပါတယ်။