ဘောလုံးသမား အပြောင်းအရွှေ့ဆိုင်ရာ အကျော်အမော်တစ်ဦးဖြစ်သူ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ သတင်းဖော်ပြချက်တွေအရ ချယ်လ်ဆီးအသင်းဟာ နော်ဝေကလပ် မိုလ်ဒီအသင်းမှာ ပါဝင်ကစားနေတဲ့ တိုက်စစ်ကစားသမားလေး ဒေးဗစ်ဒါထရိုဖိုဖာနာကို ခေါ်ယူသွားနိုင်တော့မယ်လို့ သိရှိရပါတယ်။
Photo Credit : Youtube
အသက်(၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ အိုင်ဗရီကို့စ် ကစားသမားလေး ဖိုဖာနာဟာ အိုင်ဗရီကို့စ်ကလပ် AFAD အသင်းမှာ ပါဝင်ကစားနေရင်းနဲ့ သူရဲ့ ခြေစွမ်းတွေကြောင့် ဘယ်လ်ဂျီယံနဲ့ နော်ဝေကလပ်အသင်းတွေက စိတ်ဝင်စားလာခဲ့ပြီး ၂၀၂၁ခုနှစ်မှာပဲ နော်ဝေ ထိပ်သီးကလပ် မိုလ်ဒီက (၄)နှစ်စာချုပ်နဲ့ ခေါ်ယူဖြစ်ခဲ့ပါတယ်။ လက်ရှိ ဘောလုံးရာသီမှာ မိုလ်ဒီအသင်းအတွက် ပြိုင်ပွဲစုံ (၃၉)ပွဲအထိ ပါဝင်ကစားခွင့် ရထားတဲ့ ဖိုဖာနာဟာ (၂၂)ဂိုးအထိပင် သွင်းယူထားနိုင်တဲ့အထိ ဂိုးသွင်းစွမ်းရည်ကောင်းတွေ ပြသထားနိုင်ခဲ့တာကြောင့် သူ့ကို ဥရောပ ကလပ်အသင်းများစွာက စိတ်ဝင်စားလာခဲ့ပါတယ်။
Photo Credit : CaughtOffside
ဆယ်ကျော်သက်အရွယ်သာ ရှိနေသေးပေမယ့် သူရဲ့ ခြေစွမ်းတွေကြောင့် ဖိုဖာနာဟာ အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံလာခဲ့ရပြီး အခုလည်း ချယ်လ်ဆီးအသင်းဆီ ရောက်ရှိဖို့က အလွန် နီးစပ်လာခဲ့ရပြီ ဖြစ်ပါတယ်။ ဖာဘရီဇီယိုရဲ့ ဖော်ပြချက်ထဲမှာတော့ အိုင်ဗရီကို့စ် ကစားသမားလေးကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးက မိုလ်ဒီအသင်းနဲ့ သဘောတူညီမှု အပြည့်အဝ ရယူသွားနိုင်ခဲ့ပြီဖြစ်ပြီး ကစားသမားနဲ့ personal agreed ရယူနိုင်ဖို့ လိုအပ်နေတော့တယ်လို့ သိရပါတယ်။ ကစားသမားရဲ့ ပြောင်းရွှေ့ကတော့ ယူရို(၁၀)သန်းကျော်လောက်အထိ ရှိနိုင်ပြီး အသင်းမှာက ဘရိုဟာ ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူနေရသလို စတာလင် ဇီယက်ရှ် ပူလီဆစ်တို့ ကမ္ဘာ့ဖလား ဆင်နွဲထားရလို့ သူတို့ကို အနားပေးရမယ့်အချိန် ဖိုဖာနာလို ငယ်ရွှယ်ပြီး အရည်အသွေးကောင်းတဲ့ တိုက်စစ်ကစားသမားမျိုး အားဖြည့်နိုင်ခြင်းက ချယ်လ်ဆီးအတွက် အကျိုးရှိစေလာနိုင်ပါတယ်။ ဒါပေမယ့် ဥရောပ အတွေ့အကြုံကောင်းတွေ လိုအပ်နေသေးပြီး ငယ်ရွယ်သေးတဲ့ ကစားသမားဖြစ်လို့ အသင်းမှာ တန်းပြီး နေရာပေးဖို့က မလွယ်သေးတာကြောင့် တိုက်စစ်ပိုင်းအတွက် စီနီယာ တိုက်စစ်ကစားသမား တစ်ဦးဦးကို ထပ်မံ ခေါ်ယူဖွယ်လည်း ရှိနိုင်ပါတယ်။