မန်ချက်စတာစီးတီးပစ်မှတ် ဘယ်နောက်ခံကစားသမား ကူကူရယ်လာကို ခေါ်ယူဖို့ ကစားသမားနဲ့ သဘောတူညီမှု ရယူထားနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ညာခြမ်း ခံစစ်နေရာအတွက်ကိုလည်း အင်တာမီလန်ရဲ့ ညာနောက်ခံလူ ဒမ်ဖရိုင်းစ်အပြင် ဆောက်သမ်တန်အသင်းက အင်္ဂလန် ညာနောက်ခံကစားသမား ကိုင်းဝေါ်ကာပီတာစ်ကိုပါ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
Photo Credit : Sky Sports
စတာလင် ကူလီဘလီတို့ကို ခေါ်ယူပြီးနောက်ပိုင်းမှာ နောက်ထပ် ကစားသမားတွေ ထပ်မံခေါ်ယူဖို့ ကြန့်ကြာနေရတဲ့ ချယ်လ်ဆီးဟာ အခုဆိုရင် ခံစစ်ပိုင်းအတွက် ဘရိုက်တန်ရဲ့ စပိန်ဘယ်နောက်ခံလူ ကူကူရယ်လာကို ခေါ်ယူဖို့ အလားအလာ ကောင်းလာခဲ့ရသလို ညာနောက်ခံနေရာအတွက်ကိုလည်း ဒမ်ဖရိုင်းစ်ထက် စပါးနောက်ခံလူဟောင်း ဝေါ်ကာပီတာစ်ကို ပိုမို လိုချင်လာခဲ့ပါတယ်။ အင်္ဂလန် right-back ကစားသမား ဝေါ်ကာပီတာစ်ကို ချယ်လ်ဆီး စိတ်မဝင်စားခင်ကတည်းက အာဆင်နယ်နဲ့ မန်ယူနိုက်တက်တို့က အပြိုင်စိတ်ဝင်စားခဲ့ကြပြီး လက်ရှိမှာတော့ ချယ်လ်ဆီးတစ်သင်းတည်းကသာ ဝေါ်ကာပီတာစ်ကို အလိုရှိဆုံး ဖြစ်လာခဲ့ရပါတယ်။
Photo Credit : Football FanCast
လက်ရှိ ချယ်လ်ဆီးရဲ့ right-back မှာ ရီးစ်ဂျိမ်းစ်နဲ့ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာတို့ ရှိနေကြပေမယ့် အက်ဇ်ပီလီကွယ်တာက ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့သွားဖို့ ဆန္ဒရှိနေတာဖြစ်သလို တကယ်လို့ အသင်းမှာ ဆက်ရှိနေမယ်ဆိုရင်တောင် နည်းပြတူဟယ်လ်က အက်ဇ်ပီလီကွယ်တာကို ညာခြမ်းနေရာအတွက် (၃)ယောက်တန်း ခံစစ်မှာသာ အသုံးပြုတတ်တာဖြစ်လို့ side-back နေရာမှာ ဂျိမ်းစ်နဲ့ အပြိုင် ကစားသမားတစ်ဦး ရှိနေဖို့အတွက် ဝေါ်ကာပီတာစ်ကို အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိ ညာနောက်ခံလူ ဝေါ်ကာပီတာစ်ဟာ လန်ဒန်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ စပါးအသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ဝေါ်ကာပီတာစ်က စပါးမှာ ပုံမှန်နေရာရဖို့ ခက်ခဲလာတာကြောင့် ဆောက်သမ်တန်အသင်းဆီ ပြောင်းရွှေ့ခဲ့ရင်းကနေ ဆောက်သမ်တန်ရဲ့ main player တစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။ ဆောက်သမ်တန်ကတော့ သူတို့ရဲ့ အဓိက ကစားသမားကို အသင်းကနေ ရောင်းမထုတ်ချင်ပေမယ့်လည်း ချယ်လ်ဆီးဘက်ကသာ ဝေါ်ကာပီတာစ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)-(၃၅)သန်း ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ ဒီကမ်းလှမ်းမှုကို ဆောက်သမ်တန်အသင်းက လက်ခံသွားဖွယ် ရှိနိုင်ပါတယ်။