ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက ဘရာဇီးလ်ကလပ် ပါးလ်မီးရက်စ်ရဲ့ တက်သစ်စ လူငယ်ကြယ်ပွင့် အီစတေဗိုကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီး လက်ရှိမှာ ပါးလ်မီးရက်စ်နဲ့ အီစတေဗိုရဲ့ ပြောင်းရွှေ့ကြေး အတွက် ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၁၇နှစ် အရွယ် ဘရာဇီးလ် ယူ-၁၇လက်ရွေးစင် ဝီလီယံ အီစတေဗိုက ခရူဇီယိုရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူက ၂၀၂၁ခုနှစ်မှာ ခရူဇီယို ယူ-၁၇ ကနေ ပါးလ်မီးရက်စ် ယူ-၁၇ဆီ ပြောင်းရွှေ့ ကစားခဲ့ပါတယ်။

Photo Credit: Khel Now

အီစတေဗိုက ဘယ်ခြေအားသန် ညာတောင်ပံတိုက်စစ် ကစားသမား ဖြစ်ပေမယ့် ညာခြေကိုပါ ကောင်းကောင်း အသုံးပြုနိုင်တာကြောင့် ဘယ်ညာ နှစ်ဖက်စလုံးနဲ့ ပြိုင်ဘက်တွေကို လိမ်ခေါက်တာတွေ ၊ ဖြတ်တင်ဘော ပေးပို့တာတွေနဲ့ သွင်းဂိုး သွင်းယူတာတွေကို လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။

အီစတေဗိုရဲ့ ကစားဟန်က လက်ရှိ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဗင်နီးစီးယပ်စ်နဲ့ ဆင်တူပြီး အီစတေဗိုက ပါးလ်မီးရက်စ် အတွက် ပြိုင်ပွဲစုံမှာ ၁၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပြီး သူ့ရဲ့ ခြေစွမ်းကောင်းနဲ့ အလားအလာတွေကြောင့် ချယ်လ်ဆီး အပါအဝင် ဥရောပရဲ့ ထိပ်သီးအသင်းတွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက အီစတေဗိုကို ခေါ်ယူဖို့ အတွက် ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ကြိုးပမ်းနေခဲ့တာ ဖြစ်ပြီး ယမန်နေ့ညမှာတော့ ချယ်လ်ဆီးဟာ အီစတေဗိုနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

ချယ်လ်ဆီးက အီစတေဗိုနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ပြီးနောက် ပါးလ်မီးရက်စ်နဲ့ အီစတေဗိုရဲ့ ပြောင်းရွှေ့ကြေး အတွက် ဆက်လက် ဆွေးနွေးနေပြီး ချယ်လ်ဆီးက အီစတေဗိုရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၅၅သန်းကို မပေးချေချင်တာကြောင့် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၃၂သန်း + အပိုဆုကြေးတွေနဲ့ ကမ်းလှမ်းမှု လုပ်ထားကြောင်းလည်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားပါသေးတယ်။