ချယ်လ်ဆီးအသင်းရဲ့ ပိုင်ရှင်ဖြစ်သူ တော့်ဒ်ဘိုလီက ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ် စူပါစတား ကစားသမား ကီလီယန် အမ်ဘာပေကို ခေါ်ယူသွားဖို့အတွက် ပီအက်စ်ဂျီ အသင်းဥက္ကဌ နာဆာ အယ်လ်ခီလိုင်ဖီနဲ့ပါ တွေ့ဆုံ ဆွေးနွေးနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းက ပီအက်စ်ဂျီမှာ အနာဂတ် အခြေအနေတွေ မတည်ငြိမ်နေတဲ့ ဘာပေကို ပြောင်းရွှေ့ကြေး အပါအဝင် ကစားသမားတစ်ဦးကိုပါ အလိုက်ပေး ကမ်းလှမ်းသွားဖို့ စီစဥ်နေတာ ဖြစ်ပါတယ်။ ချယ်လ်ဆီးနည်းတူ လီဗာပူးလ်အသင်းကလည်း ဘာပေကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူချင်နေပါတယ်။
Photo Credit : CNN
လက်ရှိမှာ ဘာပေက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိနေချိန် အသင်းဘက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းထားတာကို ပယ်ချထားသလို သက်တမ်း မတိုးတော့လို့ ရောင်းချဖို့ စီစဥ်ပြန်တော့လည်း အယ်လ် ဟီလယ်အသင်းဘက်က ပဲရစ်ထိ လာရောက်ကာ ဆွေးနွေး ညှိနှိုင်းဖို့ ပြင်ဆင်မှုကိုလည်း ငြင်းဆန်ခဲ့ပြန်ပါတယ်။
ဘာပေက ပီအက်စ်ဂျီအနေနဲ့ သူ့ကို ဆော်ဒီ ကလပ်အသင်းတွေဆီ ရောင်းချတာမျိုးကို လက်မခံချင်ပဲ ပီအက်စ်ဂျီမှာသာ စာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိ ဆက်လက် ပါဝင်သွားချင်နေပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီကလည်း ဘာပေလို ကမ္ဘာ့ အကောင်းဆုံးတွေထဲ တစ်ဦး အပါအဝင်ဖြစ်တဲ့ ကစားသမားမျိုးကို အလွတ်နဲ့ လုံးဝ လက်လွတ်မခံသွားချင်ပဲ အခု စျေးကွက်အတွင်းမှာပဲ တစ်ခါတည်း အပြတ် ရောင်းထုတ်သွားချင်နေပါတယ်။
Photo Credit : Football Espana
ဒီအချိန်မှာ ချယ်လ်ဆီး အသင်းပိုင်ရှင် ဘိုလီက ပီအက်စ်ဂျီ ဥက္ကဌ ခီလိုင်ဖီနဲ့ တွေ့ဆုံရင်း ဘာပေအတွက် ပြောင်းရွှေ့ကြေးအပြင် အသင်းက ကစားသမား တစ်ဦးဦးကိုပါ အလိုက်ပေးပြီး ကမ်းလှမ်းသွားဖို့ ဆွေးနွေးနေပါတယ်။ ဘယ်ကစားသမားနဲ့ အလိုက်ပေးမယ်လို့ မဖော်ပြထားပေမယ့်လည်း လူကာကူ ဇီယက်ရှ် အိုဒိုင်းတို့လို အရောင်းစာရင်း တင်ထားတဲ့ ကစားသမားတွေထဲကပဲ ဖြစ်နိုင်ခြေ ရှိပါတယ်။
ဘာပေအတွက် ဆော်ဒီက မဟုတ်တဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေ ရှိလာသည့်တိုင် ဘာပေကိုယ်တိုင်က အခုနွေမှာ လုံးဝ အသင်းမပြောင်းလိုသေးပဲ ပီအက်စ်ဂျီနဲ့ လက်ကျန် တစ်ရာသီ ဖြတ်သန်းပြီးမှသာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာဖို့ ရှိနေကာ ရီးယဲလ် မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။