စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်ရဲ့ ဥက္ကဌ ဖြစ်သူ ဆီရီဇိုကတော့ သူတို့အသင်းဟာ မြို့ခံပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် စံချိန်မှတ်တမ်း ဝင်ထားတဲ့ ရိုနယ်ဒိုကို ခေါ်ယူဖို့ ကြိုးစားနေတယ် ဆိုတဲ့ သတင်းတွေကို ယတိပြတ် ငြင်းဆန်သွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရိုနယ်ဒိုက သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဆီ ဒုတိယအကြိမ်မြောက် ပြန်သွားခဲ့ရာမှာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပေမယ့် ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရတဲ့ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ချင်နေသူပဲ ဖြစ်ပါတယ်။

Photo Credit: Sports Bible

ရိုနယ်ဒိုက သူ့ကို ချန်ပီယံလိဂ်ဝင်ခွင့်ရ ထိပ်သီးအသင်း တသင်းကနေ ကမ်းလှမ်းလာရင် အသင်းမှ ထွက်ခွာခွင့် ပြုဖို့ မန်ချက်စတာ ယူနိုက်တက်ထံ တရားဝင် တောင်းဆိုထားသလို သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်စ်ကလည်း ရိုနယ်ဒိုအတွက် အသင်းသစ်ကို စတင် ရှာဖွေပေးနေပါတယ်။

ဒါပေမယ့် ဥရောပ ထိပ်သီးအသင်းတွေက ကစားသမားဘဝ နောက်ဆုံးအချိန်ကို ရောက်နေတဲ့ ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ကူးမရှိတာကြောင့် မန်ဒက်စ်က ရိုနယ်ဒိုကို စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်ဆီ ပို့ဆောင်ပေးနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေပြီး အက်သလက်တီကို မက်ဒရစ်ကလည်း ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းတွေ အဆက်မပြတ် ထွက်ပေါ်နေခဲ့ပါတယ်။

Photo Credit: Sports Bible

ယနေ့မနက် အစောပိုင်းမှာတော့ အက်သလက်တီကို မက်ဒရစ်ရဲ့ ဥက္ကဌဖြစ်သူ ဆီရီဇိုက သူတို့အသင်းဟာ ရိုနယ်ဒိုကို ခေါ်ယူဖို့ ဆွေးနွေးနေတယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။ ဆီရီဇိုက – “ကျွန်တော်တို့နဲ့ ရိုနယ်ဒိုရဲ့ အပြောင်းအရွှေ့ သတင်းကို ဘယ်သူတွေ စဖွခဲ့သလဲ ဆိုတာ မသိပါဘူး။ သေချာတာက အက်သလက်တီကိုနဲ့ ရိုနယ်ဒိုတို့ရဲ့ သတင်းတွေ အားလုံးက အမှားတွေချည်းပါပဲ။ တကယ်တမ်း လက်တွေ့မှာ ကျွန်တော်တို့ အက်သလက်တီကို မက်ဒရစ်အနေနဲ့ ရိုနယ်ဒိုကို ခေါ်ယူဖို့ မဖြစ်နိုင်ပါဘူး” လို့ တရားဝင် ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။