မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ကက်စမဲရိုးက ဒီနှစ်ဘောလုံးရာသီမှာ သူ အကူအညီပေးသွားနိုင်တဲ့ ယူနိုက်တက်အသင်းဖော် (၄)ယောက်အကြောင်းကို ဖော်ပြသွားခဲ့သလို အသင်းမှာ သူအဓိက တာဝန်ယူထားရတဲ့ အပိုင်းနဲ့ ပတ်သတ်တဲ့ အကြောင်းတွေကိုပါ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်

Photo Credit : Football Planet

ဒီနှစ်နွေရာသီမှာ ယူနိုက်တက်အသင်းဆီကို တကယ့် ကမ္ဘာ့အဆင့်ရှိ ကွင်းလယ်လူ ကက်စမဲရိုး ရောက်ရှိလာတာက အားနည်းချက်တွေရှိနေတဲ့ ယူနိုက်တက် ကွင်းလယ်ပိုင်းအတွက် အားကောင်းသွားစေခဲ့ရပါတယ်။ ရီးယဲလ်အသင်းမှာ အောင်မြင်မှုတွေ များစွာ ရယူထားနိုင်ခဲ့ဖူးတဲ့ ကက်စမဲရိုးလို ကစားသမားမျိုးကို အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားတာ ယူနိုက်တက် ပရိသတ်တွေက မြင်တွေ့နေချင်ပေမယ့် နည်းပြတန်ဟက်ဂ်ကတော့ ကက်စမဲရိုးကို ပွဲထွက်ကစားသမားအဖြစ် အလျင်အမြန် မသုံးခဲ့ပဲ ပြီးခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှသာ line-up ထဲ ထည့်သွင်းလာခဲ့ပြီး ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားသမားအဖြစ် စတင် အသုံးပြုလာရာ ကက်စမဲရိုးကလည်း ပုံစံကောင်းပြနိုင်ခဲ့ပါတယ်။

Photo Credit : Manchester Evening News

ကက်စမဲရိုးက “သွင်းဂိုးတွေက သဘာဝအတိုင်း လာရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်တာဝန်ကို လူတိုင်း သိကြပါတယ်။ ကျွန်တော်ရဲ့ တာဝန်က ခံစစ်ကစားဖို့ အသင်းဖော်တွေကို အကူအညီပေးဖို့နဲ့ ခံစစ်ကနေ ဘောလုံးတွေကို အရည်အသွေးကောင်းကောင်း ရှေ့က ကစားသမားတွေဆီ ပို့ပေးဖို့ပါ။ ဒါက ကျွန်တော့်အလုပ်ပဲ။ အဲ့ဒီကနေတစ်ဆင့် ဂိုးပါ ရသွားခဲ့မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ကျွန်တော်တို့မှာ ဂိုးတွေကို သွင်းယူဖို့အတွက် ဦးစားပေး စဉ်းစားတဲ့ ကစားသမားတွေလည်း ရှိနေပါတယ်။ သူတို့က ရော်နယ်လ်ဒို ဆန်ချို ရပ်ရှ်ဖို့ဒ်နဲ့ ဖာနန်ဒက်စ်တို့ပါ။ သူတို့က ဂိုးတွေသွင်းဖို့ ကွင်းထဲမှာ ရှိနေကြတာ။ ပထမတော့ ကျွန်တော်က ဘောလုံးရအောင် ခံစစ်ကစားပြီး အသင်းကို ဟန်ချက်ညီအောင် ပံ့ပိုးပေးပါတယ်။ ကျွန်တော့်ခံစစ်ပိုင်းတာဝန်နဲ့ ကျွန်တော်ရဲ့ အသင်းဖော်တွေကို ကူညီတယ်။ ဘောလုံးတွေကို အရည်အသွေးပြည့်မီစွာနဲ့ ပို့ဆောင်ပေးတယ်။ ဒါက ကျွန်တော့်အလုပ်ပါပဲ။ အဲ့လို့ ပို့ဆောင်ပေးရာကနေ ဂိုးရသွားမယ်ဆိုရင် ဒါက အရမ်းကောင်းမှာဆိုပေမယ့်လည်း ကျွန်တော်ရဲ့ ဦးစားပေး တာဝန်ကတော့ ခံစစ်ပိုင်းမှာ ကောင်းကောင်းကစားဖို့ပါပဲ” လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။