ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ ကာဗယ်လ်ဟိုက လာမယ့်ရာသီမှာ ပွဲထွက်ခွင့် ပိုရဖို့ အတွက် ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် ရက်ဘူးလ် လိုက်ပ်ဇစ်ဆီ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ ကစားတော့မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၀ အရွယ် ပေါ်တူဂီ ယူ-၂၁ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ကာဗယ်လ်ဟိုက ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် နွေဈေးကွက် အတွင်းမှာ ဖူလ်ဟမ် ကနေ လီဗာပူးထံ ပြောင်းရွှေ့ကြေး ယူရို ၆သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: DAVE OKOP

ကာဗယ်လ်ဟိုက လီဗာပူးထံ ရောက်ရှိကာစမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ခဲ့ရပြီး ကာဗယ်လ်ဟိုက ပွဲထွက်ခွင့် များများစားစား ရချင်တာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ သူ့ကို အငှားနဲ့ အသင်းပြောင်းခွင့် ပေးဖို့ လီဗာပူးနည်းပြ ကလော့ပ်ကို တောင်းဆိုခဲ့ပါတယ်။

လီဗာပူးနည်းပြချုပ် ကလော့ပ်ကလည်း ကာဗယ်လ်ဟိုရဲ့ ဆန္ဒကို လိုက်လျောပေးခဲ့ပြီး ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် ရက်ဘူးလ် လိုက်ပ်ဇစ်က ကာဗယ်လ်ဟိုကို ခေါ်ယူရန် စိတ်ဝင်စားနေသလို ကာဗယ်လ်ဟိုကို အငှားနဲ့ ခေါ်ယူဖို့ အတွက် လီဗာပူးနဲ့ တရားဝင် ဆွေးနွေးမှုတွေပါ ပြုလုပ်ခဲ့ပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လိုက်ပ်ဇစ်က ကာဗယ်လ်ဟိုကို တရာသီအငှားနဲ့ ခေါ်ယူဖို့ လီဗာပူးနဲ့ တရားဝင် သဘောတူညီမှု ရရှိရန် နီးစပ်နေပြီး နှစ်သင်းစလုံးက ကာဗယ်လ်ဟိုရဲ့ အငှားအပြောင်းအရွှေ့ကို အမြန်ဆုံး အပြီးသတ်နိုင်အောင် ကြိုးစားနေကြောင်း သိရပါတယ်။

လိုက်ပ်ဇစ်က ကာဗယ်လ်ဟိုကို အငှားနဲ့ ခေါ်ယူထားစဉ်မှာ လီဗာပူးကို အငှားကြေး ပေးရမှာ ဖြစ်သလို ကာဗယ်လ်ဟိုရဲ့ လုပ်ခလစာကို အပြည့်အဝ ပေးချေဖို့ သဘောတူထားပြီး လိုက်ပ်ဇစ်က အပြီးသတ် ခေါ်ယူခွင့် ထည့်သွင်းချင်နေပေမယ့် လီဗာပူးကတော့ ကာဗယ်လ်ဟိုလို လူငယ်ကြယ်ပွင့်ကို နည်းပါးတဲ့ ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ချင်တာကြောင့် အပြီးသတ် ခေါ်ယူခွင့်ကို လက်မခံဘူးလို့ နီးစပ်သူတွေက ဆိုထားပါတယ်။