ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ဂျေမီ ကာရေဂါက ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ရဲ့ ပွဲစဉ်မှာ သူ့ရဲ့ အသင်းဟောင်း လီဗာပူးဟာ နိုင်ပွဲရဖို့ မျှော်လင့်ချက် မရှိပဲ အမြင့်ဆုံးမှ သရေရလဒ်ပဲ ရနိုင်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့က ဒီရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ခြေစွမ်းအကောင်းဆုံး အသင်းတွေ ဖြစ်ကြပြီး မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) အပြီးမှာ ရမှတ် ၂၈မှတ် စုဆောင်းထားနိုင်သလို လီဗာပူးကလည်း ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) အပြီးမှာ ရမှတ် ၂၇မှတ် စုဆောင်းထားနိုင်ပါတယ်။

Photo Credit: The Analyst

လက်ရှိမှာ မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်သလို လီဗာပူးက အဆင့်(၂) နေရာမှာ ရှိနေတာကြောင့် ယနေ့ညမှာ ကစားမယ့် ပွဲစဉ်မှာ အနိုင်ရမယ့် အသင်းက ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁) နေရာကို ရယူနိုင်မှာပဲ ဖြစ်ပါတယ်။

ယနေ့ညမှာတော့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့က မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း ဖြစ်တဲ့ အီတီဟတ်မှာ ရင်ဆိုင် ယှဉ်ပြိုင်ကြဖို့ ရှိနေပြီး နှစ်သင်းစလုံးက ဒဏ်ရာရ ကစားသမား နည်းပါးနေသလို ခြေစွမ်းလည်း ကောင်းနေတာကြောင့် ဘယ်အသင်းက အနိုင်ရလဒ်ကို ရသွားမလဲ ဆိုတာ ခန့်မှန်းရ ခက်နေပါတယ်။

Photo Credit: Mirror

ဒါပေမယ့် ကာရေဂါကတော့ သူ့ရဲ့ အသင်းဟောင်း လီဗာပူးဟာ အဝေးကွင်းမှာ မန်ချက်စတာ စီးတီးကို အနိုင်ရဖို့ မလွယ်ပဲ အမြင့်ဆုံးမှ သရေရလဒ်သာ ရနိုင်မယ်လို့ ဆိုလာပါတယ်။ ကာရေဂါက – “ကျွန်တော်ကတော့ အီတီဟတ်မှာ လီဗာပူး အမြင့်ဆုံး ရနိုင်တဲ့ ရလဒ်က သရေရလဒ်လို့ပဲ ထင်ပါတယ်။ လီဗာပူးက မန်စီးတီးကို အဝေးကွင်းမှာ သွားရင်ဆိုင်တိုင်းလည်း ရလဒ်တွေ ဆိုးတတ်ပါတယ်။ လီဗာပူးက ကမ္ဘာ့အကောင်းဆုံး ဂိုးသမားကို ပိုင်ဆိုင်ထားတာပါ။ ဒီပွဲမှာ သူတို့က အဲ့ဒီဂိုးသမားရဲ့ လက်စွမ်းကောင်းတွေကို လိုအပ်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။