ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဗီလာရဲ့ ဗဟိုနောက်ခံလူ ဒီယေဂို ကားလို့စ်က သူတို့အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးကို အနိုင်ယူထားတာကြောင့် မနက်ဖြန်ညမှာ ကစားရမယ့် ပြိုင်ဘက် အာဆင်နယ်ကိုလည်း ကြောက်နေမှာ မဟုတ်ဘူးလို့ ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဒေါက်ဂလပ် လူးဝစ် ပါဝင် ကစားနေတဲ့ ဗီလာက ယမန်နေ့ မနက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၅) အဖြစ် မန်ချက်စတာ စီးတီးကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ တောင်ပံတိုက်စစ် ကစားသမား ဘိုင်လီရဲ့ သွင်းဂိုးကြောင့် ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

 

Photo Credit: Goal

ဗီလာက မန်ချက်စတာ စီးတီးကို အနိုင်ရကာ အနိုင် ၃မှတ်ကို အပိုင် သိမ်းနိုင်ခဲ့သလို ခြေစွမ်းပိုင်းမှာလည်း မန်ချက်စတာ စီးတီးကို တဖက်သတ် ဖိကစားသွားနိုင်ခဲ့ပြီး မန်ချက်စတာ စီးတီးဟာ တပွဲလုံးမှာ ဂိုးပေါက်ကန်သွင်းခွင့် ၂ကြိမ်ထဲသာ ရခဲ့တဲ့ အထိ ခြေစွမ်းဆိုးရွားခဲ့ပါတယ်။

ဗီလာက နည်းပြချုပ် အူနိုင်း အမ်မရီရဲ့ လက်အောက်မှာ ခြေစွမ်းတွေ တဟုန်ထိုး တိုးတက်လာခဲ့ပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၁၅) အပြီးမှာ ရမှတ် ၃၂မှတ် စုဆောင်းထားနိုင်တာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာကို သိမ်းပိုက်ထားနိုင်ကာ မနက်ဖြန်မှာတော့ ဗီလာက အဆင့်(၁)နေရာမှာ ရှိနေတဲ့ အာဆင်နယ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရတော့မှာပဲ ဖြစ်ပါတယ်။

 

Photo Credit: Football 365

လတ်တလော ခြေစွမ်းပိုင်းအရ ဗီလာနဲ့ အာဆင်နယ်တို့ ကြားထဲမှာ များစွာ ကွာဟလှခြင်း မရှိသလို ဗီလာ ဗဟိုနောက်ခံလူ ဒီယေဂို ကားလို့စ်က သူတို့အသင်းဟာ အာဆင်နယ်ကို လေးစားပေမယ့် ရင်ဆိုင် ကစားဖို့ ကြောက်နေမှာ မဟုတ်ကြောင်း ဆိုလာပါတယ်။

ဒီယေဂို ကားလို့စ်က – “ကျွန်တော်တို့တွေ မန်စီးတီးနဲ့ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းပိုင်းက အရမ်းကို ကောင်းပါတယ်။ အသင်းရဲ့ ယုံကြည်ချက်ကလည်း မြင့်မားနေပါတယ်။ ကျွန်တော်တို့က ဘယ်အသင်းကိုမှ မကြောက်ပါဘူး။ နည်းပြကြီးကလည်း ကစားသမားတွေ အားလုံးကို ယုံကြည်ချက်ရှိရှိ ကစားစေချင်တာပါ။ ကျွန်တော်တို့က အသင်းကောင်း တသင်းပါ။ နည်းပြကြီးက အသင်းဆီ ရောက်ကတည်းက ကျွန်တော်တို့ကို တိုးတက်အောင် လမ်းညွှန်မှုတွေ လုပ်ပေးခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့က အမှတ်ပေးဇယားမှာ အဆင့်ကောင်း တခုကို ရထားပါတယ်။ ရာသီက မပြီးသေးသလို ကစားရမယ့်ပွဲတွေလည်း အများကြီး ကျန်နေပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ယုံကြည်ရာဆီ ချီတက်ဖို့ လိုပါတယ်။ ကျွန်တော်တို့က ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်တိုင်းကို လေးစားပါတယ်။ ဒါပေမယ့် ဘယ်ပြိုင်ဘက်ကိုမှ ရင်ဆိုင် ကစားဖို့ မကြောက်ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။