ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ စီးတီး ကနေ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာဆီ အငှားနဲ့ သွားရောက် ကစားနေတဲ့ ကန်ဆယ်လိုက ဘာစီလိုနာမှာ ပျော်ရွှင်နေပေမယ့် လုပ်ခလစာ လျှော့မယူချင်တော့တာကြောင့် ရာသီကုန်ချိန်မှာ အခြားအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စဉ်းစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၉နှစ် အရွယ် ပေါ်တူဂီလက်ရွေးစင် အစွန်ခံစစ်မှူး ကန်ဆယ်လိုက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူ ၁၀ဦး စာရင်းထဲမှာ ပါဝင်သူ ဖြစ်ပြီး သူက မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ပပ် ဂွာဒီယိုလာနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် မန်ချက်စတာ စီးတီး ကနေ ဘာစီလိုနာဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားနေတာပါ။

Photo Credit: Goal

ကန်ဆယ်လိုက မန်ချက်စတာ စီးတီး ကနေ ဘာစီလိုနာဆီ အငှားနဲ့ ပြောင်းရွှေ့နိုင်ဖို့ အတွက် သူ့ရဲ့ လုပ်ခလစာကို ၂၅ရာခိုင်နှုန်း ဝန်းကျင် အထိ လျှော့ယူပေးခဲ့ရပါတယ်။ ကန်ဆယ်လိုက မန်ချက်စတာ စီးတီး ကနေ ဘာစီလိုနာဆီ ပြောင်းရွှေ့လာပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၈ပွဲ အထိ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၃ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ကြိမ် အထိ ရရှိထားပါတယ်။

နာမည်ကြီး ဂျာမန်သတင်းဌာန တခု ဖြစ်တဲ့ BILDရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ခြေစွမ်းပြနေတဲ့ ကန်ဆယ်လိုကို သူတို့အသင်းမှာ ဆက်ခေါ်ထားချင်နေပေမယ့် ကန်ဆယ်လိုကတော့ လုပ်ခလစာ လျှော့မယူချင်တော့တာကြောင့် ဘာစီလိုနာမှာ ဆက်မနေပဲ မန်ချက်စတာ စီးတီး ကနေ အခြားအသင်း တသင်းဆီသာ ပြောင်းရွှေ့ဖို့ စဉ်းစားထားကြောင်း သိရှိရပါတယ်။

Photo Credit: 90 Min

လက်ရှိမှာတော့ ဥရောပ ထိပ်သီးကလပ် အများအပြားက ဘယ်နောက်ခံအဖြစ်ရော ၊ ညာနောက်ခံလူ အဖြစ်ပါ ကစားနိုင်တဲ့ ကန်ဆယ်လိုကို ခေါ်ယူဖို့ မျက်စိကျနေကြပြီး ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်တို့က ကန်ဆယ်လိုကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး ဖြစ်နေကြကြောင်း ဂျာမန်သတင်းရင်းမြစ်တွေက ထပ်မံ ဖော်ပြထားကြပါတယ်။

မန်ချက်စတာ စီးတီးကတော့ နည်းပြချုပ် ပပ် ဂွာဒီယိုလာနဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ ကန်ဆယ်လိုကို လာမယ့် နွေဈေးကွက်မှာ အပြီးသတ် ရောင်းချဖို့ ဆုံးဖြတ်ထားပြီး မန်ချက်စတာ စီးတီးက ကန်ဆယ်လို အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းနဲ့ ၄၀သန်းကြား ပမာဏတရပ် လိုချင်နေပါတယ်။