ဥရောပပြိုင်ပွဲကြီးတွေဖြစ်တဲ့ ချန်ပီယံလိဂ် ယူရိုပါလိဂ် ကွန်းဖရန့်စ်လိဂ်တို့ရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်တွေ ပြီးဆုံးသွားချိန်မှာ ထူးခြားတာက ကွာတားကနေ ဆီမီးအထိ တတ်လှမ်းသွားတဲ့ အသင်းတွေထဲမှာ အီတလီ စီးရီးအေ ကလပ်အသင်းတွေရဲ့ အရေအတွက်က မထင်ထားလောက်အောင်ကို များပြားနေတာ သတိထားမိခဲ့ရပါတယ်။

Photo Credit : Twitter

ချန်ပီယံလိဂ်ရဲ့ ကွာတားဖိုင်နယ်အဆင့်ကို စီးရီးအေကလပ် (၃)သင်း တတ်လှမ်းခဲ့ကြပြီး မီလန် နဲ့ နာပိုလီတို့က ထိပ်တိုက် တွေ့ဆုံခဲ့လို့ စီးရီးအေ (၁)သင်းက အလိုလိုကို ကွာတားအဆင့်မှာပဲ ကျန်ခဲ့ရပါတယ်။ ချန်ပီယံလိဂ်မှာ အေစီမီလန် နဲ့ အင်တာမီလန်တို့ ဆီမီးကို တတ်လှမ်းသွားခဲ့ရလို့ မီလန်ဒါဘီကနေ တစ်သင်းသင်းကလည်း ဖိုင်နယ်အထိ ထပ်မံ တတ်လှမ်းရဦးမှာ ဖြစ်ပါတယ်။

Photo Credit : Twitter

ယူရိုပါလိဂ်ဘက်မှာလည်း ချန်ပီယံလိဂ်ကနေ အုပ်စုပြုတ်လာတဲ့ ဂျုဗင်တပ်စ်နဲ့ အုပ်စုနောက်ဆုံးပွဲအထိ ရုန်းကန်ခဲ့ရတဲ့ ရိုးမားတို့က အခုဆို ဆီမီးအထိ တတ်လှမ်းသွားခဲ့ပါတယ်။ ဆီမီးမှာတော့ ဂျုဗင်က ယူရိုပါလိဂ် ဆရာကြီး ဆီဗီလာနဲ့ တွေ့ဆုံနေရသလို ရှုံးထွက်ဖလား အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားသူ မော်ရင်ဟိုရဲ့ ရိုးမားကတော့ သူရဲ့တပည့်ဟောင်း ဇာဗီအလွန်ဆိုရဲ့ လေဗာကူဆင်နဲ့ တွေ့ဆုံနေပါတယ်။ တကယ်လို့ ဒီ စီးရီးအေ (၂)သင်းက ဆီမီးကိုပါ ကျော်လွှားနိုင်ဦးမယ်ဆိုရင်တော့ All Italy Europa League Final ပါ ဖြစ်လာပါလိမ့်မယ်။

Photo Credit : Twitter

ပြီးခဲ့တဲ့ ရာသီကမှ စတင် ကျင်းပခဲ့တဲ့ ဥရောပ ပြိုင်ပွဲအသစ် ကွန်းဖရန့်စ်လိဂ်မှာ ပထမဆုံး ချန်ပီယံ ဖြစ်ခဲ့တာ ရိုးမားအသင်းပါ။ အခုလည်း တိုက်တိုက်ဆိုင်ဆိုင် ရိုးမားလို စီးရီးအေ ကိုယ်စားပြု ကလပ်အသင်းဖြစ်သော ဖီအိုရင်တီးနားက ဆီမီးအထိ တတ်လှမ်းလာခဲ့ပြီး ဆွစ်ဇာလန်ကလပ် ဘေဆယ်နဲ့ တွေ့ဆုံနေပါတယ်။ လက်ရှိ ပုံစံအတိုင်းဆိုရင်တော့ ကွန်းဖရန့်စ်လိဂ် ဖိုင်နယ်မှာ ဖီအိုရင်တီးနားက ပရီးမီးယားလိဂ်က ဝက်စ်ဟမ်းနဲ့ တွေ့ဆုံရဖွယ် ရှိနေပါတယ်။