ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်က သူတို့ရဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အမြဲတမ်း ဝင်ပြိုင်ခွင့် ရသင့်တဲ့ အသင်းမျိုး ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်ရဲ့ မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ ကာရာဘောင်းဖလားကို သိမ်းပိုက်ထားနိုင်သလို ရာသီကုန်ဖို့ ၄ပွဲသာ လိုအပ်တော့ချိန်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်(၄)နေရာကို ရယူထားနိုင်ပါတယ်။

Photo Credit: Independent

ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်(၄)နေရာကို ရထားတာကြောင့် မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အခြေအနေ ကောင်းနေပေမယ့် အဆင့်(၅)နေရာမှာ ရှိနေတဲ့ လီဗာပူးထက် ရမှတ် ၁မှတ်သာ အသာစီး ရထားတာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ လက်ကျန် ပွဲစဉ်တွေမှာ အမှားအယွင်း မရှိ ကစားနိုင်ဖို့ လိုအပ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က လက်ကျန် ၄ပွဲမှာ ဝုလ်ဗ် ၊ ဘုန်းမောက် ၊ ချယ်လ်ဆီး ၊ ဖူလ်ဟမ် စတဲ့ အသင်းတွေနဲ့ ကစားရဖို့ ရှိနေပြီး ဘရူနို ဖာနန်ဒက်ကတော့ သူတို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထိုက်တန်တဲ့ အသင်းမျိုး ဖြစ်တာကြောင့် လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရအောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဆိုလာပါတယ်။

Photo Credit: Mirror

ဘရူနို ဖာနန်ဒက်က – “ကျွန်တော်တို့က လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ချင်ပါတယ်။ ပြီးတော့ မန်ချက်စတာ ယူနိုက်တက်လို အသင်းမျိုးက ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးမှာပဲ ရှိနေသင့်တာပါ။ ဒါကြောင့် ကျွန်တော်တို့က လက်ကျန်ပွဲတွေ အားလုံးမှာ အမှားအယွင်း မရှိ နိုင်ပွဲတွေ ရအောင် ကြိုးစား ကစားသွားပါမယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။