ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒုတိယ အသင်းခေါင်းဆောင် ဖြစ်သူ ဘရူနို ဖာနန်ဒက်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၄)မှာ လက်စတာ စီးတီးကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် သူတို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲထဲမှာ ရှိနေသေးကြောင်း ကြွေးကြော်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၂၄) အဖြစ် လက်စတာ စီးတီးကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာမှာ အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့တာကြောင့် ပွဲစပွဲဆုံး ခြေစွမ်းအသာနဲ့ ကစားသွားနိုင်ခဲ့သလို အဓိက တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ရဲ့ သွင်းဂိုး ၂ဂိုးနဲ့အတူ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

Photo Credit: Football 365

မန်ချက်စတာ ယူနိုက်တက် ၃-၀ လက်စတာ စီးတီး ပွဲစဉ်မှာ လက်စတာ စီးတီးက ပွဲအစပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းကို ဖိအားပေးနိုင်ခဲ့သလို ဂိုးရလုနီးပါး အခွင့်အရေးကောင်း ၂ကြိမ် အထိ ရခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးသမား ဒီဂီယာကို မကျော်ဖြတ်နိုင်ခဲ့တာကြောင့် သွင်းဂိုးတွေ မရခဲ့ပါဘူး။

 

အဲ့ဒီနောက်မှာတော့ ပွဲကစားချိန် ကြာလာတာနဲ့အမျှ မန်ချက်စတာ ယူနိုက်တက်ကသာ ပွဲကို စိုးမိုးသွားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၂၅မိနစ်နဲ့ ၅၆မိနစ်တို့မှာ မားကပ် ရက်ဖို့ဒ်နဲ့ ပွဲချိန် ၆၁မိနစ်မှာ လူစားဝင် တောင်ပံတိုက်စစ် ကစားသမား ဆန်ချိုတို့က အသီးသီး သွင်းယူပေးခဲ့ကြပြီး ပွဲပြီးဆုံးချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ ဘရူနို ဖာနန်ဒက်က သူတို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အပါအဝင် ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲ ၄ခုစလုံးရဲ့ ဆုဖလားတွေကို ရယူနိုင်စွမ်း ရှိကြောင်း ဆိုလာပါတယ်။

Photo Credit: Football 365

ဘရူနို ဖာနန်ဒက်က – “ကျွန်တော်တို့က နောက်ထပ် ကစားရမယ့်ပွဲကို အနိုင်ယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ ပြောချင်ပါတယ်။ (တပွဲချင်းစီသာ အာရုံစိုက်ထားမှုကို ရည်ရွယ်လျက်) ကျွန်တော်တို့က ဆုဖလား ၄လုံး လမ်းကြောင်းပေါ်မှာ ရှိနေသလို ပြိုင်ပွဲတွေ အားလုံးမှာလည်း ဗိုလ်စွဲနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အဲ့ဒီ ဆုဖလား ၄လုံးစလုံးကို ကိုင်မြှောက်ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဆုဖလားတွေ ရယူနိုင်မလား ၊ မရယူနိုင်ဘူးလား ဆိုတာကို သိရဖို့ အဝေးကြီး လိုပါသေးတယ်။ ဒါကြောင့် တပွဲချင်းစီပဲ အနိုင်ရအောင် ကြိုးစားဖို့ အရေးကြီးပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၂၄) အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့်၃နေရာကို ရောက်ရှိနေပြီး အဆင့်၂နေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးနဲ့ ရမှတ် ၃မှတ် လျော့နေသလို အဆင့်၁နေရာမှာ ရှိနေတဲ့ အာဆင်နယ်ထက် ၁ပွဲပို ကစားထားပြီး ရမှတ် ၅မှတ် လျော့နည်းနေပါတယ်။