နယူးကာဆယ်ယူနိုက်တက်ဒ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဘရူနိုဂွီမာရ့စ်က အသင်းမှာ ပြိုင်ပွဲစုံ (၁၀)ပွဲဆက်တိုက် ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တဲ့ သူ့အသင်းဖော် ဂိုးသမားနစ်ပုစ်ကို လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ဦးလို့ အမွှမ်းတင် ပြောဆိုသွားခဲ့ပါတယ်။

Pope made two brilliant saves to deny Che Adams before Joelinton struck for Newcastle

Photo Credit : Daily Mail

မနေ့ညက စိန့်မေရီကွင်းမှာ ယှဉ်ပြိုင်သွားခဲ့ကြတဲ့ ဆောက်သမ်တန်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဧည့်သည် နယူးကာ ဆယ်က ဂျိုလင်တန်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိပြီး အိမ်ရှင်အသင်းကိုလည်း ပေးဂိုးမရှိပဲ အနိုင်ရခဲ့တာဖြစ်လို့ ဖိုင်နယ်ကို တတ်လှမ်းဖို့ အခြေအနေကောင်းသွားခဲ့ရပါတယ်။ အဝေးကွင်းမှာ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ နိုင်ပွဲရခဲ့ပြီး အိမ်ရှင်အသင်းကိုပါ ဂိုးမပေးရအောင် ကစားသွားနိုင်ခဲ့တဲ့အတွက် နယူးကာဆယ်ဟာ ဖိုင်နယ်အဆင့်ထိ တတ်လှမ်းသွားဖို့ အလားအလာ ကောင်းသွားခဲ့ပါတယ်။

Newcastle goalkeeper Nick Pope continued his remarkable form on Tuesday night

Photo Credit : Daily Mail

ဒီနိုင်ပွဲနဲ့ ပတ်သတ်ပြီး နယူးကာဆယ် ကွင်းလယ်လူ ဂွီမာရေ့စ်က “အနိုင်သွင်းဂိုးတစ်ဂိုးက အရေးကြီးပါတယ်။ ကျွန်တော်တို့ ဂိုးတွေ အများကြီး သွင်းယူနိုင်ခဲ့ရမှာ ဖြစ်ပေမယ့် အရေးကြီးတာကတော့ အိမ်ရှင် ဆောက်သမ်တန်အသင်းကို အနိုင်ယူဖို့ပါပဲ။ ကျွန်တော်ကတော့ နစ်ပုပ်ကို ကျေးဇူးတင်ချင်ပါတယ်။ သူက လက်ရှိမှာတော့ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ဦးလို့ ကျွန်တော် ထင်မိပါတယ်” လို့ ချီးမွှမ်းပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် နယူးကာဆယ် နည်းပြအက်ဒီဟောင်းကလည်း နစ်ပုပ်က ထက်မြက်လွန်းတဲ့ ဂိုးသမားတစ်ဦးလို့ မှတ်ချက်ပြုသွားခဲ့ပါသေးတယ်။ အသက်(၃၀)အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် ဂိုးသမား နစ်ပုပ်ဟာ အခုဆိုရင် ပရီးမီးယားလိဂ်ပွဲစဉ်(၈)ပွဲနဲ့ လိဂ်ဖလားပွဲစဉ်(၂)ပွဲ စုစုပေါင်း (၁၀)ပွဲဆက်တိုက် အသင်းအတွက် လုံးဝကို ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး အသင်းကိုလည်း ပရီးမီးယားလိဂ်မှာ ပွဲ(၂၀)ကစားလို့အပြီးမှာ ပေးဂိုး(၁၁)ဂိုးရှိအောင် စွမ်းဆောင်ခဲ့ပါတယ်။ ဒါဟာ နယူးကာဆယ်အသင်းရဲ့ နောက်တန်း မာကြောမှုကြောင့် ဖြစ်သလို ဂိုးသမားနစ်ပုပ်ရဲ့ လက်စွမ်းပြနေမှုကြောင့်လည်း ပါဝင်ပြီး နစ်ပုပ်က ဒီရာသီအတွင်းမှာ ဂိုးကာကွယ်မှုပေါင်း (၅၁)ကြိမ်အထိပါ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒီလို အကောင်းဆုံး လက်စွမ်းတွေနဲ့ နစ်ပုပ်တစ်ယောက် သူရဲ့ နယူးကာဆယ်အသင်းကို လိဂ်ဖလားနဲ့ ဥရောပဝင်ခွင့်တွေ ရယူပေးသွားနိုင်မလားဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရပါလိမ့်မယ်။