ယခုနှစ် ဘောလုံးရာသီမှာ စွဲမက်စရာကောင်းတဲ့ ကစားဟန်တခုနဲ့ အတူ ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်လာတဲ့ ဘရိုက်တန်က လာမယ့်ရာသီ အတွက် အင်အားဖြည့်တင်းမှု အဖြစ် လီဗာပူးရဲ့ ဝါရင့် ကွင်းလယ်လူ တဦး ဖြစ်သူ မီလ်နာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၇နှစ် အရွယ် ဝါရင့် ကွင်းလယ်လူ ဂျိမ်းစ် မီလ်နာက ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ကစားသမား တဦး ဖြစ်သလို ကွင်းလယ်နေရာစုံနဲ့ ညာနောက်ခံ နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမား တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

မီလ်နာက အသက်အရွယ်ကြောင့် ပွဲချိန်ပြည့် ကစားနိုင်စွမ်း မရှိတော့ပေမယ့် သူ့ရဲ့ အတွေ့အကြုံနဲ့ အရည်အသွေးကြောင့် အသင်းကို ဦးဆောင် ကစားနိုင်စွမ်း ရှိပြီး မီလ်နာနဲ့ လီဗာပူးတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

လီဗာပူးနည်းပြ ယာဂင် ကလော့ပ်က မီလ်နာကို စာချုပ်သစ် ချုပ်ဆိုချင်နေပေမယ့် လီဗာပူးဘုတ်အဖွဲ့က မီလ်နာကို စာချုပ်သစ် မချုပ်ဆိုဖို့ ဆုံးဖြတ်လိုက်တာကြောင့် မီလ်နာဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ လီဗာပူးကို စွန့်ခွာရတော့မှာ ဖြစ်ပြီး ဘရိုက်တန်က မီလ်နာကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: Liverpool Echo

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ နေးလ်ဂျုံးစ်ရဲ့ ဖော်ပြချက်အရ ဘရိုက်တန်ဟာ မီလ်နာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အတွက် ၂ပတ် နီးပါး ကြာအောင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရာ ဆွေးနွေးမှုတွေ အားလုံး အဆင်ပြေခဲ့တာကြောင့် ဘရိုက်တန်ဟာ မီလ်နာရဲ့ အသင်းသစ် ဖြစ်လာတော့မယ်လို့ သိရပါတယ်။

ဘရိုက်တန်က မီလ်နာအပြင် အာဆင်နယ်ရဲ့ တောင်ပံကစားသမား နယ်လ်ဆန်ကိုပါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေပြီး လက်ရှိမှာတော့ နယ်လ်ဆန်ဟာ အာဆင်နယ်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချထားတာကြောင့် ဘရိုက်တန်က နယ်လ်ဆန်ကိုပါ ထပ်မံ ခေါ်ယူနိုင်ချေ ရှိနေပါတယ်။