ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖို့ဒ်က သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူးလည်းဖြစ် ၊ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ အိုင်ဗန် တိုနေးကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ လက်လွှတ်ဖို့ စဉ်းစားထားသလို တိုနေးရဲ့ တန်ကြေးကိုလည်း သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ယုံကြည်ရတဲ့ သတင်းထောက် ပလက်တန်ဘက်ခ်က အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး အိုင်ဗန် တိုနေးက ၂၀၂၀ခုနှစ်မှာ ပီတာဘရော့ချ် ကနေ ဘရန့်ဖို့ဒ်ထံ ပြောင်းလာခဲ့ပြီးနောက် ဘရန့်ဖို့ဒ်ရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ကာလရှည် ခြေစွမ်းပြနေသူ ဖြစ်ပြီး သူက ဘရန့်ဖို့ဒ်ကို ချန်ပီယံရှစ် ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတက်နိုင်အောင်လည်း အဓိက ကူညီခဲ့သူပါ။

Photo Credit: Goal

အိုင်ဗန် တိုနေးက လောင်းကစားလုပ်မိတာကြောင့် ကာလရှည် ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရပေမယ့် ပွဲပယ်ပြစ်ဒဏ်က သူ့ရဲ့ ခြေစွမ်းတွေကို ကျဆင်းသွားအောင် မလုပ်နိုင်ခဲ့ပဲ တိုနေးဟာ ပွဲပယ်ပြစ်ဒဏ် ကနေ ပြန်လွတ်လာပြီးနောက် ဘရန့်ဖို့ဒ် အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၀၈၉မိနစ် ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပြီးခဲ့တဲ့ ဆောင်းဈေးကွက် အတွင်းမှာ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့က သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် တိုနေးကတော့ ဘရန့်ဖို့ဒ်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲ ကနေ တန်းမဆင်းရအောင် ကူညီပေးချင်တာကြောင့် ဘရန့်ဖို့ဒ်မှာ ရာသီကုန် အထိ ဆက်နေကာ နွေရာသီ ရောက်မှသာ အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Tribuna

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ပလက်တန်ဘက်ခ်ရဲ့ ဖော်ပြချက်အရ အိုင်ဗန် တိုနေးက လာမယ့် နွေဈေးကွက်မှာ ဘရန့်ဖို့ဒ်ကို စွန့်ခွာဖို့ ရာခိုင်နှုန်း များနေသလို ဘရန့်ဖို့ဒ်ကလည်း တိုနေးရဲ့ တန်ကြေးကို သတ်မှတ်ပေးပြီးပြီ ဖြစ်ကာ ဘရန့်ဖို့ဒ်ဟာ တိုနေးကို ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းနဲ့ ၄၀သန်းကြား ပမာဏ တရပ် ရရင် ရောင်းချမယ်လို့ သိရှိရပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်ကြတဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က အိုင်ဗန် တိုနေးကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး အသင်းတွေ ဖြစ်ကြပြီး တိုနေးက မန်ချက်စတာ ယူနိုက်တက်ရဲ့ အမာခံ ပရိသတ် ဖြစ်ပေမယ့် အာဆင်နယ်ဆီ ပြောင်းရွှေ့ရင် ပုံမှန် ကစားခွင့် ရဖို့ သေချာနေတာကြောင့် တိုနေးက ဘယ်အသင်းကို ရွေးမလဲ ဆိုတာ စောင့်ကြည့်သွားရပါမယ်။