လက်ရှိမှာ free agent ဖြစ်နေရတဲ့ လာဇီယိုဂိုးသမားဟောင်း သောမတ်စ်စတာကိုရှာဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့်လည်း ဘရန့်ဖို့ဒ်အသင်းက စတာကိုရှာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ရာ အခုဆိုရင် သဘောတူညီမှုပင် ရယူနိုင်ခဲ့ပြီး မကြာခင်မှာ ဆေးစစ်မှုတွေ လုပ်ဆောင်တော့မယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။
Photo Credit : Man Utd News
အသက်(၂၇)နှစ်အရွယ် အယ်လ်ဘေးနီးယားလက်ရွေးစင် ဂိုးသမားစတာကိုရှာဟာ ၂၀၁၂ခုနှစ်ကတည်းက လာဇီယို လူငယ်အသင်းကို ရောက်ရှိနေတာဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘောလုံးရာသီ ဆလာနီတာနာအသင်းဆီ အငှားချခံရရင်းနဲ့ သူရဲ့ စီနီယာ ကစားသမားဘဝကို ဆလာနီတာနာမှာ စတင်ခဲ့ရပါတယ်။ အငှားစာချုပ်ပြည့်ချိန် လာဇီယိုအသင်းဆီ ပြန်လည်ရောက်ရှိလာချိန်မှာတော့ စတာကိုရှာဟာ လာဇီယိုရဲ့ နံပါတ်တစ် ဂိုးသမားပါ ဖြစ်လာခဲ့ရပြီး အသင်းနဲ့လည်း (၆)ရာသီအထိ ဖြတ်သန်းဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ စတာကိုရှာက သူရဲ့ လာဇီယိုအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ free agent ကစားသမား ဖြစ်နေခဲ့ရပေမယ့် လက်စွမ်းပိုင်း ကောင်းမွန်သူဖြစ်တဲ့ စတာကိုရှာကို ယူနိုက်တက်အပါအဝင် အသင်းများစွာက အလိုရှိလာခဲ့ပါတယ်။
Photo Credit : United in Focus
လာဇီယိုအသင်းအတွက် ပွဲပေါင်း(၂၀၈)ပွဲအထိ ပါဝင်ထားခဲ့တဲ့ ဂိုးသမားစတာကိုရှာကို ဂိုးသမားတစ်ဦး ခေါ်ယူသွားဖွယ် ရှိနေတဲ့ ယူနိုက်တက်အသင်းက စတင်ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ အရန်ဂိုးသမား ဒင်းဟန်ဒါဆန်ကို ပရီးမီးယားလိဂ် တန်းတတ်အသင်း နော်တင်ဟမ်ဖောရက်စ်ဆီ တစ်ရာသီအငှားချလိုက်ပြီး အသင်းရဲ့ စတုတ္ထမြောက် ဂိုးသမား လီဂရန့်ဟာလည်း ဘောလုံးသမားဘဝကနေ အနားယူထားတာကြောင့် အသင်းမှာ ဂိုးသမားက ဒေးဗစ်ဒဟေးယားနဲ့ တွမ်ဟီတန်တို့သာ ကျန်ရှိနေတော့တာဖြစ်လို့ နောက်ထပ် ဂိုးသမားတစ်ဦးကို အလိုရှိနေတာ ဖြစ်ပါတယ်။ ဒီလို ဂိုးသမားတစ်ဦး ခေါ်ယူချင်နေတဲ့ ယူနိုက်တက်အသင်းဟာ လာဇီယိုနဲ့ လက်တွဲဖြုတ်လိုက်တဲ့ အယ်လ်ဘေးနီးယား ဂိုးသမား စတာကိုရှာကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ရာ နီးစပ်မှု ရှိခဲ့ရပေမယ့်လည်း လက်ရှိမှာ ဘရန့်ဖို့ဒ်အသင်းက စတာကိုရှာကို ကြားဖြတ်ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပြီးနောက် အခုဆိုရင် စတာကိုရှာက ဘရန့်ဖို့ဒ်အသင်းကို ပြောင်းရွှေ့နိုင်တော့မှာဖြစ်ပြီး မကြာခင်မှာလည်း ဆေးစစ်မှုတွေ ခံယူသွားတော့မှာ ဖြစ်ပါတယ်။