ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ ဘဏ္ဍာရေးတာဝန်ခံဟောင်း စတီဖင် ဘော်ဆန်က သူ့ရဲ့ အသင်းဟောင်းဟာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုတွေကြောင့် တန်းဆင်းရနိုင်ချေ ရှိနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailထံ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ပပ် ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ် ၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား စတဲ့ ဆုဖလား ၃လုံးစလုံးကို တပြိုင်နက်ထဲ ဆွတ်ခူးရယူနိုင်ခဲ့သလို ဒီရာသီမှာလည်း ဥရောပစူပါဖလားနဲ့ ကမ္ဘာ့ကလပ်ဖလားတို့ကို သိမ်းပိုက် ရရှိထားပါတယ်။

Photo Credit: Standard

မန်ချက်စတာ စီးတီးက မြက်ခင်းပြင်ပေါ်မှာ အောင်မြင်မှုတွေ တောက်လျှောက် ရယူထားနိုင်ပေမယ့် ကွင်းပြင်ပမှာတော့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုတွေနဲ့ စွဲချက်တင်ခံထားရတာကြောင့် တရားရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ်အဖွဲ့ချုပ်က မကြာခင်မှာ မန်ချက်စတာ စီးတီးရဲ့ ချိုးဖောက်မှုတွေကို ပြင်ပတရားရုံး တခုမှာ စစ်ဆေးဖို့ စီစဉ်နေပါတယ်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်က မန်ချက်စတာ စီးတီးဟာ ၂၀၀၉ခုနှစ် ကနေ ၂၀၁၈ခုနှစ် အတွင်း ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု ၁၁၅ကြိမ် အထိ လုပ်ခဲ့တယ်လို့ စွဲချက်တင်ကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီး မန်ချက်စတာ စီးတီးကတော့ သူတို့အသင်းဟာ စည်းမျဉ်းချိုးဖောက်မှုတွေကို မလုပ်ထားဘူးလို့ တရားဝင် ထုတ်ပြန် ကြေညာထားပါတယ်။

စီးတီးရဲ့ ဘဏ္ဍာရေး တာဝန်ခံဟောင်း ဘော်ဆန်ကတော့ အကယ်၍ စည်းမျဉ်းချိုးဖောက်မှုတွေသာ အခိုင်အမာ သက်သေပြခံလိုက်ရရင် သူ့ရဲ့အသင်းဟောင်းဟာ အနည်းဆုံး တန်းဆင်းပြစ်ဒဏ်ကို ကျခံရလိမ့်မယ်လို့ ဆိုလာပါတယ်။

Photo Credit: Telegraph

စတီဖင် ဘော်ဆန်က – “အခု စွဲချက်တင်ခံထားရတဲ့ ပြစ်မှုတွေက အရမ်းကို များနေပါတယ်။ တကယ်လို့ ပရီးမီးယားလိဂ်ကသာ ချိုးဖောက်မှုတွေ အမှန်တကယ် ဖြစ်ခဲ့တယ် ဆိုပြီး အခိုင်အမာ သက်သေပြနိုင်ခဲ့ရင် စီးတီးက အနိမ့်ဆုံး တန်းဆင်းပြစ်ဒဏ် ချမှတ်ခံရပါလိမ့်မယ်။ တချို့သတင်းရင်းမြစ်တွေက စီးတီးဟာ ၁၀နှစ်ဆက်တိုက် ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုတွေ လုပ်ခဲ့တယ် ဆိုပြီး ပြောနေကြပါတယ်။ စီးတီးရဲ့ အဓိက စပွန်ဆာကုမ္ပဏီက တနှစ် စပွန်ဆာကြေး ပေါင် ၅၀သန်းနဲ့ ၆၀သန်းကြား ပေးနေတာ မဟုတ်ပဲ ပေါင် ၈သန်းလောက်ပဲ ပေးနေတယ်လို့လည်း ကြားထားပါတယ်။ စီးတီးရဲ့ စပွန်ဆာကုမ္ပဏီတိုင်း နီးပါးက အဲ့ဒီလို စာရင်းလိမ်ပြမှုတွေ လုပ်ခဲ့ပါတယ်။ ဒီကိစ္စမှာ ကုမ္ပဏီတွေ အများကြီး ၊ နာမည်ကြီး သန်းကြွယ်သူဌေးတွေ အများကြီး ဝိုင်းလိမ်ထားကြပါတယ်။ စီးတီးကလည်း ဘောလုံးအဖွဲ့ချုပ် အများကြီးကို စာရင်းလိမ်ပြထားပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။