တူရကီ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ဘက်ဆစ်တပ်က ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ ဗဟိုနောက်ခံလူ ဟိုးလ်ဒင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဟိုးလ်ဒင်းအတွက် တရားဝင် ကမ်းလှမ်းမှုတွေတောင် ပြုလုပ်လာခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် အင်္ဂလန် ဗဟိုနောက်ခံလူ ဟိုးလ်ဒင်းက ၂၀၁၆ခုနှစ်မှာ ဘော်လ်တန်ကနေ အာဆင်နယ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၃သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ၇နှစ်တာ ကာလအတွင်းမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၁၆၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅ဂိုး အထိ သွင်းယူနိုင်ခဲ့သူပါ။

Photo Credit: Tribuna

ဟိုးလ်ဒင်းက အာဆင်နယ်နဲ့အတူ အက်ဖ်အေဖလား ၂ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၂ကြိမ် ရရှိထားပြီး သူက အာဆင်နယ်မှာ ၇နှစ်ကြာ ကစားခဲ့ပေမယ့် အခုချိန်အထိ အရန် ဗဟိုခံစစ်မှူး အဖြစ်သာ ပါဝင် ကစားခွင့် ရနေပါတယ်။

ဟိုးလ်ဒင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂါဘရီရယ်နဲ့ ဆာလီဘာတို့ရဲ့နောက် တတိယ ဦးစားပေး ဗဟိုခံစစ်မှူး အဖြစ် ကစားခွင့် ရခဲ့ပေမယ့် အာဆင်နယ်က ဒီနွေဈေးကွက် အတွင်းမှာ အေဂျက်ခံစစ်မှူး တင်းဘားကို ခေါ်ယူဖို့ သဘောတူညီမှု ရထားတာကြောင့် ဟိုးလ်ဒင်းဟာ ရာသီသစ်မှာ စတုတ္တ ဦးစားပေး ဗဟိုခံစစ်မှူး အဖြစ်သာ ကစားခွင့် ရဖို့ ရှိနေပါတယ်။

Photo Credit: Football 365

ဒါကြောင့်ပဲ ဟိုးလ်ဒင်းက ပွဲကစားခွင့် ရဖို့ အတွက် ယခု နွေဈေးကွက် အတွင်းမှာ အာဆင်နယ်ကို စွန့်ခွာဖို့ စဉ်းစားနေပြီး လက်ရှိမှာတော့ တူရကီ ထိပ်သီးကလပ် ဘက်ဆစ်တပ်က ဟိုးလ်ဒင်းကို ခေါ်ယူဖို့ ကြိုးစားလာကာ ဘက်ဆစ်တပ်ရဲ့ တာဝန်ရှိသူတွေက ဟိုးလ်ဒင်းနဲ့ရော ၊ အာဆင်နယ်နဲ့ပါ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ ဘက်ဆစ်တပ်က ဟိုးလ်ဒင်းအတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ပြောင်းရွှေ့ကြေး ပေါင် ၂.၅သန်းနဲ့ ကမ်းလှမ်းထားပြီး အာဆင်နယ်က ဟိုးလ်ဒင်းကို ရောင်းချချင်နေပေမယ့် ဘက်ဆစ်တပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချသွားမှာ ဖြစ်ကာ ပေါင် ၂.၅သန်းထက် ပိုများတဲ့ ကမ်းလှမ်းမှု ရောက်လာမှသာ ဟိုးလ်ဒင်းကို ရောင်းချဖို့ စဉ်းစားမယ်လို့ သိရပါတယ်။