တူရကီ နာမည်ကြီးကလပ် ဘက်ဆစ်တပ်ရဲ့ ဥက္ကဌ ဖြစ်သူ နာ ဆက်ဘီကတော့ သူတို့အသင်းထံ အငှားနဲ့ လာရောက် ကစားနေတဲ့ ဗက်ဟော့စ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် တိုက်စစ်မှူး တဦး ရတာနဲ့ ဗက်ဟော့စ်ကို မန်ချက်စတာ ယူနိုက်တက်ဆီ ပို့ဆောင်မယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

နာ ဆက်ဘီရဲ့ ဘက်ဆစ်တပ်က ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဘန်လေကနေ ဗက်ဟော့စ်ကို တရာသီအငှားနဲ့ ခေါ်ယူထားတာ ဖြစ်ပြီး ​ဗက်ဟော့စ်ကလည်း ဘန်လေမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ဘက်ဆစ်တပ်ဆီ အရောက်မှာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ပြန်ရခဲ့ပါတယ်။

Photo Credit: Mirror

ဗက်ဟော့စ်က ယခုနှစ် ဘောလုံးရာသီမှာ ဘက်ဆစ်တပ် အတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ကာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဗက်ဟော့စ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နယ်သာလန် အတွက် ရွေးချယ်ခံခဲ့ရသလို နယ်သာလန် အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၆၂မိနစ် ပါဝင် ကစားခွင့်ရခဲ့ရာ သွင်းဂိုး ၂ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။

သူ့ရဲ့ အရည်အချင်းတွေကြောင့်ပဲ တိုက်စစ်မှူး လိုအပ်ချက် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ တန်ဟက်ဂ်က ဗက်ဟော့စ်ကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး ဗက်ဟော့စ်ကလည်း သူ့ရဲ့ ကစားသမား ဘဝမှာ ပထမဦးဆုံးအကြိမ် ရလာတဲ့ အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ခွင့်ကို လက်လွှတ်မခံလိုပဲ တန်ဟက်ဂ်ရဲ့ ကမ်းလှမ်းမှုကို ရတာနဲ့ ချက်ချင်း လက်ခံခဲ့ပါတယ်။

Photo Credit: Mirror

ဗက်ဟော့စ်က တန်ဟက်ဂ်နဲ့ စကားပြောပြီးနောက် ဘန်လေထံ ဆက်သွယ်ကာ သူ့ကို အသင်းပြောင်းခွင့် ရအောင် ကူညီပေးဖို့ ပြောခဲ့သလို ဘက်ဆစ်တပ်ရဲ့ တာဝန်ရှိသူတွေထံလည်း သွားရောက်ကာ အသင်းပြောင်းခွင့် ပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။ ဗက်ဟော့စ်ရဲ့ ကြိုးစားမှုတွေကြောင့်ပဲ ဘက်ဆစ်တပ် ၊ ဘန်လေနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ကြားထဲမှာ သူ့ရဲ့ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု တရပ် ရခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်က ဗက်ဟော့စ်ကို အငှားနဲ့ ခေါ်ယူနိုင်ဖို့ အတွက် ဘက်ဆစ်တပ်ထံ နစ်နာကြေး ယူရို ၃သန်း ဝန်းကျင် ပေးချေရဖို့ ရှိနေပါတယ်။

ဗက်ဟော့စ်က မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားပေမယ့် ဘက်ဆစ်တပ်က သူ့ရဲ့နေရာကို အစားဝင်မယ့် တိုက်စစ်မှူး တဦး မရမချင်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့နိုင်ဦးမှာ မဟုတ်ပဲ ဆက်ဘီကတော့ သူတို့အသင်းဟာ အစားထိုး တိုက်စစ်မှူး ရတာနဲ့ ဗက်ဟော့စ်ကို လက်လွှတ်မယ်လို့ ဆိုလာပါတယ်။ ဆက်ဘီက – “အခုလို အရေးပါတဲ့ အချိန်မှာ ကျွန်တော်တို့က တိုက်စစ်မှူး တဦးကို အလွယ်တကူ လက်လွှတ်မှာ မဟုတ်ပါဘူး။  ကျွန်တော်တို့သာ အရည်အသွေးမြင့် တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ရင်တော့ ဗက်ဟော့စ်ကို အသင်းပြောင်းခွင့် ပေးမှာပါ။ တကယ်လို့ ကျွန်တော်တို့က အစားထိုး တိုက်စစ်မှူး မရရင်တော့ သူဟာ အသင်းမှာပဲ ဆက်နေရပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။