ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘောလုံးအသင်း တသင်း အတွက် အမြင့်မားဆုံး အောင်မြင်မှုတွေထဲက တခု ဖြစ်တဲ့ ဖလား ၃လုံး ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်ချက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဘာနာဒို ဆေးလ်ဗားက ယခု နွေရာသီမှာ မန်ချက်စတာ စီးတီးကို စွန့်ခွာကာ အသင်းပြောင်းဖို့ ရာခိုင်နှုန်း များနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက တညီတညွတ်ထဲ ဖော်ပြလာကြပါတယ်။

အသက် ၂၈နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဘာနာဒို ဆေးလ်ဗားဟာ ၂၀၁၇ခုနှစ်ထဲက ပြင်သစ် နာမည်ကြီးကလပ် မိုနာကို ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ စီးတီးနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူပါ။

Photo Credit: Football 365

ဘာနာဒို ဆေးလ်ဗားက ၆နှစ်တာ ကာလအတွင်းမှာ မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံ ၃၀၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅၅ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၅၉ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူက မန်ချက်စတာ စီးတီးနဲ့ ဆုဖလား ၁၄လုံး အထိ ရယူနိုင်ခဲ့ပါတယ်။

ဘာနာဒို ဆေးလ်ဗားက မန်ချက်စတာ စီးတီးနဲ့အတူ အောင်မြင်မှုပေါင်း များစွာ ရရှိပြီးနောက် အတွေ့အကြုံသစ်တွေ ရှာဖွေဖို့ ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ စီးတီးကို စွန့်ခွာချင်နေပြီး ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ ဆော်ဒီ စူပါလိဂ် နာမည်ကြီးကလပ် အယ် ဟီလယ်တို့က သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ရော့ဘ် ဒေါ်ဆန်ရဲ့ ဖော်ပြချက်အရ ဘာနာဒို ဆေးလ်ဗားက မန်ချက်စတာ စီးတီးကို စွန့်ခွာဖြစ်ရင် ဥရောပမြေမှာ ဆက်ကစားဖို့ ဆန္ဒရှိခဲ့ပေမယ့် အယ် ဟီလယ်ရဲ့ လုပ်ခလစာ မြိုးမြိုးမြက်မြက် ရမယ့် ကမ်းလှမ်းချက်ကြောင့် ဆော်ဒီမြေဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားလာကာ အယ် ဟီလယ်က ဘာနာဒို ဆေးလ်ဗားကို အခွန်ဆောင်ပြီး တပတ် လုပ်ခလစာ ပေါင် ၅သိန်းကျော် အထိ ပေးချေမယ်လို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

မန်ချက်စတာ စီးတီးကတော့ သူတို့ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဘာနာဒို ဆေးလ်ဗားကို လက်မလွှတ်ချင်ပေမယ့် ဘာနာဒို ဆေးလ်ဗားက အသင်းပြောင်းဖို့ ဆန္ဒ ရှိနေရင် အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ ပြင်ထားပြီး မန်ချက်စတာ စီးတီးက ဘာနာဒို ဆေးလ်ဗား အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် လိုချင်နေပါတယ်။