ကဲ အပတ်စဉ် တင်ဆက်ပေးနေကြ ပရီးမီးယားလိဂ် ဂန္တဝင် တိုက်စစ်မှူး ဘာဘာတော့ဗ်ရဲ့ ပွဲကြို ခန့်မှန်း သုံးသပ်ချက်တွေကို တင်ဆက်ပေးရမယ့် အချိန်အခါ ကျရောက်လာပြန်ပါပြီ။ ဒီတပတ်မှာ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်လို ပွဲကြီးပွဲကောင်း ရှိနေတာကြောင့် ဘာဘာတော့ဗ် တယောက် ဘယ်လို ခန့်မှန်းချက်တွေ လုပ်ထားမလဲ ဆိုတာ ဖတ်ရှုကြည့်လိုက်ရအောင်ဗျာ…။

Photo Credit: The Sun

ချယ်လ်ဆီးနဲ့ ရှက်ဖီးလ် (စနေနေ့ည ၉နာရီခွဲ)

ဒီပွဲကို ချယ်လ်ဆီးက ရှုံးသွားမယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်ဗျာ။ ကျွန်တော်က ရှက်ဖီးလ်ကို လေးစားပေမယ့် သူတို့က ဒုက္ခရောက်ပါတော့မယ်။ ချယ်လ်ဆီးက အဆင့်၁၂မှာ ရောက်နေပါတယ်။ ဒါက ဘယ်လိုမှ အဓိပ္ပါယ် မရှိပါဘူး။ ချယ်လ်ဆီးက ဒီပွဲကို အနိုင်ယူဖို့ လိုအပ်နေပါပြီ။ တကယ်လို့ ချယ်လ်ဆီးကသာ ရှက်ဖီးလ် ယူနိုက်တက်ကို အိမ်ကွင်းမှာ မနိုင်ခဲ့ဘူး ဆိုရင် ကျွန်တော်တို့က ချယ်လ်ဆီးကို ဝေဖန်လို့ ရသွားပါပြီ။

ချယ်လ်ဆီးမှာ ခြေစွမ်းမပြနိုင်သေးတဲ့ ကစားသမားတွေ ရှိနေပေမယ့် သူတို့တွေက ဒီပွဲကို အနိုင်ရအောင် စွမ်းဆောင်နိုင်စွမ်း ရှိပါတယ်။ ချယ်လ်ဆီးက ဘယ်လိုနည်းလမ်းပဲ သုံးရ သုံးရ ရှက်ဖီးလ်ကို အနိုင်ယူနိုင်မယ့် နည်းလမ်း တခုကို ရှာဖွေရပါမယ်။ ကျွန်တော်ကတော့ ဒီပွဲမှာ ချယ်လ်ဆီးနဲ့ပဲ နေချင်ပါတယ်။

ခန့်မှန်းရလဒ် – ချယ်လ်ဆီး ၁-၀ ရှက်ဖီးလ်

Photo Credit: Goal

အာဆင်နယ်နဲ့ ဘရိုက်တန် (တနင်္ဂနွေနေ့ည ၈နာရီခွဲ)

ဒီပွဲကတော့ ဘောလုံးကစားနည်းကို ကွက်ကွက်ကွင်းကွင်း မြင်ရမယ့်ပွဲပါ။ ဘောလုံးပေးမယ် ၊ ဘောလုံးပေးမယ် ၊ ဘောလုံးပေးမယ် ၊ ပြီးရင် နေရာလွတ် ရှာမယ် ၊ မှန်ကန်တဲ့ အချိန်ကို စောင့်မယ် ၊ ပြိုင်ဘက်ထက် ခြေလှမ်း ၂လှမ်း ၊ ၃လှမ်း ပိုဦးအောင် တွေးမယ်။ ဒီပွဲမှာ အဲ့ဒီလို အရာတွေကို တောက်လျှောက် မြင်ရပါလိမ့်မယ်။

အာဆင်နယ်က ပြီးခဲ့တဲ့ရာသီမှာ ဘရိုက်တန်ကို အိမ်ကွင်းမှာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ ရှုံးခဲ့သလို ရူးကြောင်ကြောင် အမှားတွေကို ထပ်လုပ်လို့ မရပါဘူး။ ကျွန်တော်တို့က ဘရိုက်တန်ရဲ့ အကြောင်းကို သိပြီးသားပါ။ သူတို့က ကောင်းကောင်း ကစားနိုင်သလို ပွဲကို အနိုင်ယူနိုင်စွမ်းလည်း ရှိပါတယ်။ ဒါပေမယ့် တချိန်ထဲမှာပဲ သူတို့က ရှုံးပွဲတွေလည်း ကြုံတွေ့နိုင်ပါတယ်။

နှစ်သင်းစလုံးက ဒီပွဲမှာ ကိုယ့်ရဲ့ ကစားပုံအတိုင်း ကစားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘယ်အသင်းကမှ ကစားပုံ ပြောင်းပြီး ကစားမှာ မဟုတ်ပါဘူး။ ဒီပွဲက ကြည့်ကောင်းတဲ့ပွဲ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်က ဒီပွဲမှာ အာဆင်နယ် နိုင်ပွဲ ရမယ်လို့ ယုံကြည်ပါတယ်။

ခန့်မှန်းရလဒ် – အာဆင်နယ် ၃-၂ ဘရိုက်တန်

Photo Credit: Goal

လီဗာပူးနဲ့ မန်ယူ (တနင်္ဂနွေနေ့ည ၁၁နာရီ)

ကျွန်တော်တို့က လီဗာပူးရဲ့အကြောင်း ပြောမယ် ဆိုရင် ဆာလာကိုပါ ထည့်ပြောရပါလိမ့်မယ်။ ပြီးတော့ သူတို့ရဲ့ တည်ငြိမ်မှုကိုပေါ့။ ဆာလာက လီဗာပူးရဲ့ ဂန္တဝင် ကစားသမား ဖြစ်နေပါပြီ။ သူ့ရဲ့ ကစားပုံ ၊ အသင်းအတွက် ယူလာပေးတဲ့ အရည်အသွေး ၊ ပြီးတော့ သူ့ကို နားလည်ပေးနိုင်တဲ့ နည်းပြ ယာဂင် ကလော့ပ် ၊ ဒီလိုအရာတွေ စုပေါင်းလိုက်တဲ့အခါ သူ့ရဲ့အသင်းက ရလဒ်ကောင်းတွေ ရဖို့ မခက်တော့ပါဘူး။ ဆာလာက လီဗာပူးရဲ့ အဓိက ခြိမ်းခြောက်မှု ဆိုပေမယ့် သူတို့အသင်းမှာ အခြား ထိပ်တန်း ကစားသမားတွေ အများကြီး ရှိနေပါသေးတယ်။ ကလော့ပ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အားနည်းချက်တွေကို အလွယ်တကူ ရှာဖွေနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့က လီဗာပူးဟာ ယူနိုက်တက်ကို ပွဲစတာနဲ့ ဖိအားပေးမယ် ၊ တိုက်ခိုက်မယ် ၊ ဂိုးသွင်းမယ် ဆိုတာ သိပြီးသားပါ။

မန်ချက်စတာ ယူနိုက်တက်က သူတို့ကို တိုက်စစ်ဆင်တဲ့ အသင်းတွေနဲ့ တွေ့ရင် သွင်းဂိုးတွေ သွင်းယူနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် နောက်ဆုံး ၂ပွဲမှာ သူတို့အသင်းက ဂိုးတွေ မရထားပါဘူး။ အခုတော့ သူတို့က လီဗာပူးနဲ့ ရင်ဆိုင်ရပါတော့မယ်။ လီဗာပူးက ခံစစ်ကြောင်းမှာ ဗန်ဒိုက် ၊ အာနိုးလ်နဲ့ အယ်လီဆန်တို့လို ကမ္ဘာ့အဆင့် ကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်။

ကျွန်တော်က ယူနိုက်တက်တို့ ဂိုးသွင်းခွင့်တွေ ရတာကို မြင်ချင်ပါတယ်။ ပြီးတော့ ယူနိုက်တက်က ဂိုးသွင်းနိုင်မယ်လို့လည်း ပြောချင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက် အတွက် ဂိုးရဖို့ ဆိုတာ အရမ်းကို ခက်ခဲမယ်လို့ ထင်နေပါတယ်။

ခန့်မှန်းရလဒ် – လီဗာပူး ၂-၀ မန်ယူ

Photo Credit: Bet Fair

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

နော်တင်ဟမ် ဖောရက်စ် ၀-၂ စပါး (ပွဲရလဒ် နော်တင်ဟမ် ဖောရက်စ် ၀-၂ စပါး)

ဘုန်းမောက် ၂-၁ လူတန်

မန်စီးတီး ၃-၀ ပဲလေ့စ်

နယူးကာဆယ် ၁-၁ ဖူလ်ဟမ်

ဘန်လေ ၂-၁ အဲဗာတန်

ဘရန့်ဖို့ဒ် ၀-၂ ဗီလာ

ဝက်စ်ဟမ်း ၂-၁ ဝုလ်ဗ်