စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ကာရင် ဘန်ဇီမာက သူဟာ လတ်တလောမှာ သတင်းတွေ ထွက်ပေါ်နေသလို ဆော်ဒီနိုင်ငံဆီ သွားရောက်ကာ ဘောလုံး ကစားမှာ မဟုတ်ပဲ ရီးရဲလ်မက်ဒရစ်မှာသာ ဆက်နေသွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတိအလင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် ပြင်သစ်တိုက်စစ်မှူး ကာရင် ဘန်ဇီမာက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၁ကြိမ် ရရှိခဲ့ဖူးတဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သလို လက်ရှိချိန်အထိ သွင်းဂိုးတွေ တရစပ် သွင်းယူကာ ရီးရဲလ်မက်ဒရစ်ရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားနေသူပါ။

Photo Credit: Goal

ဘန်ဇီမာက အသက်အရွယ် ရလာပေမယ့် ခြေစွမ်းကျဆင်းသွားခြင်း မရှိသေးတာကြောင့် မကြာသေးမီကမှ ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒိုကို ခေါ်ယူခဲ့တဲ့ ဆော်ဒီလိဂ်ရဲ့ တာဝန်ရှိသူတွေက ဘန်ဇီမာကို ဆော်ဒီနိုင်ငံဆီ ခေါ်ဆောင်ဖို့ ကြိုးစားခဲ့ကြပြီး ပူပူနွေးနွေး ဆော်ဒီချန်ပီယံ အယ် အီတီဟတ်က ဘန်ဇီမာကို ၂နှစ် စာချုပ်နဲ့ ကမ်းလှမ်းမှု တရပ် ပြုလုပ်ခဲ့ပါတယ်။

အယ် အီတီဟတ်က ဘန်ဇီမာကို ၁နှစ် လုပ်ခလစာ ယူရို ၂၀၀သန်း + ၁၀၀ရာခိုင်နှုန်း ပုံရိပ် အသုံးပြုခွင့်နဲ့ ဘန်ဇီမာကို ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး အယ် အီတီဟတ်ရဲ့ ကမ်းလှမ်းမှုက မက်မောစရာ ကောင်းပေမယ့် ဘန်ဇီမာကတော့ လက်ရှိကလပ် ရီးရဲလ်မက်ဒရစ်မှာသာ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Goal

ဘန်ဇီမာက – “ကျွန်တော့်ဘက်က ရီးရဲလ်မက်ဒရစ် ပရိသတ်တွေကို ပြောပြစရာ သတင်း တခုမှ မရှိပါဘူး။ ကျွန်တော်နဲ့ ပတ်သတ်ပြီး သတင်းသစ် တခုမှ မရှိပါဘူး။ ကျွန်တော်က ရီးရဲလ်မက်ဒရစ်မှာ ကစားနေတာ ဖြစ်လို့ အနာဂတ်အကြောင်း ပြောစရာကိစ္စလည်း မရှိပါဘူး။ အင်တာနက်ပေါ်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေ အားလုံးက အမှားတွေပါ။ ကျွန်တော် ကိုယ်တိုင် ပြောတဲ့ စကားတွေကပဲ အမှန်တရားပါ” ဆိုပြီး ပြောကြားကာ အယ် အီတီဟတ်ဆီ ပြောင်းရွှေ့တော့မယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန် သွားခဲ့တာ ဖြစ်ပါတယ်။

စပိန်ထိပ်သီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘန်ဇီမာက အယ် အီတီဟတ်ရဲ့ ကမ်းလှမ်းမှုကို စဉ်းစားခဲ့ပေမယ့် နောက်ဆုံးမှာ ရီးရဲလ်မက်ဒရစ် အတွက် နောက်ထပ် ၁နှစ် ဆက်ကစားပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၂၄ခုနှစ် ရောက်မှသာ ရီးရဲလ်မက်ဒရစ် ကနေ ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့ ကစားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။