ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဒါရင်းဘန့်ကတော့ ဘာစီလိုနာကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ နယ်သာလန် ကွင်းလယ်ကြယ်ပွင့် ဒီဂျောင်အနေနဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့သွားရင် သူ့ရဲ့ ကစားသမားဘဝ တစ်ဆင့် နိမ့်သွားမယ်လို့ သတိပေးသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်ကြယ်ပွင့် ဖရန်ကီ ဒီဂျောင်က ယခု နွေဈေးကွက် အတွင်းမှာ ဘာစီလိုနာကို စွန့်ခွာပြီး ဆရာဟောင်း တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ကစားသမား တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှု အဖြစ် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၆၅သန်း + အပိုဆုကြေးတွေနဲ့ ကမ်းလှမ်းထားပြီး ဘာစီလိုနာကလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိနေကာ ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ဒီဂျောင်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ကြားမှာ စာချုပ်ကိစ္စ သဘောတူညီမှု ရဖို့သာ လိုအပ်ပါတော့တယ်။

နာမည်ကြီး သတင်းဌာန အများစုကလည်း မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း တညီတညွတ်ထဲ ဖော်ပြထားကြပြီး ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ဟာ မန်ချက်စတာ ယူနိုက်တက် ၊ ဘာစီလိုနာနဲ့ ဒီဂျောင်တို့ အားလုံးအတွက် ကောင်းမွန်တဲ့ အပြောင်းအရွှေ့ တခု ဖြစ်ကြောင်း သုံးသပ်ထားကြပေမယ့် ဒါရင်းဘန့်ကတော့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းသွားရင် ဒီဂျောင်ရဲ့ ကစားသမား ဘဝ တစ်ဆင့် နိမ့်သွားမယ်လို့ ထင်မြင် ယူဆနေပါတယ်။

Photo Credit: Daily Mail

ဒါရင်းဘန့်က – “ကျွန်တော်ကတော့ ဒီဂျောင်သာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းသွားရင် အတော်လေး အံ့ဩမိမှာပါ။ အခု ဘာစီလိုနာရဲ့ အဆင့်အတန်းနဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဆင့်အတန်းက ကွာခြားမှု ရှိပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ပြန်လည် တည်ဆောက်ဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ ပြီးတော့ ဘာစီလိုနာက ဘာကြောင့် ဒီဂျောင်ကို ရောင်းထုတ်ချင်နေတာလဲ ဆိုတာကိုပါ နားမလည်ပါဘူး။ ဒီဂျောင်က အရည်အသွေး ရှိတဲ့ ကွင်းလယ်လူ တဦးပါ။ သူတို့က ပိုက်ဆံလိုချင်လို့ ဒီဂျောင်ကို ရောင်းချင်တာလား။ ဒီဂျောင်ကတော့ ဘာစီလိုနာမှာပဲ ဆက်နေဖို့ ဆန္ဒရှိနေမယ် ထင်ပါတယ်။ သူက ဘာစီလိုနာကို ကမ္ဘာ့အကြီးဆုံးကလပ်လို့ ပြောထားသလို သူ့ကို ကြည့်ရတာလည်း ဘာစီလိုနာမှာ ပျော်ရွှင်နေတဲ့ပုံပါ။ ဒီဂျောင်ကသာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့ရင် သူက ချန်ပီယံလိဂ် အစား ယူရိုပါလိဂ် ဆင်းကန်ရမယ်။ ပြီးတော့ ဒီအပြောင်းအရွှေ့က သူ့ရဲ့ ကစားသမား ဘဝကို တစ်ဆင့် နိမ့်ကျစေမယ့် အပြောင်းအရွှေ့ပါ” လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့တာပါ။