ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ကနေ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တဲ့ စပိန် ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်က ပေါ်တူဂီ နာမည်ကြီးကလပ် စပို့တင်း လစ္စဘွန်းထံ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒေးဗစ် အွန်စတိန်းက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် စပိန်ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်က အာဆင်နယ် ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့လာချိန်မှာ ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်သာ ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ဘာစီလိုနာက သူ့ရဲ့ ခြေစွမ်းကို အကဲခတ်ကာ စာချုပ်သစ် ချုပ် ၊ မချုပ် ရာသီကုန်မှပဲ ဆုံးဖြတ်ဖို့ စီစဉ်ခဲ့ပါတယ်။

Photo Credit: The Athletic

ဒါပေမယ့် ဘာစီလိုနာနည်းပြချုပ် ဇာဗီက ဘယ်လာရင်ရဲ့ ခြေစွမ်းကို သဘောမကျတာကြောင့် ဘာစီလိုနာဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ ဘယ်လာရင်ကို အသင်းကနေ အလွတ်နဲ့ ထွက်ခွာခွင့် ပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ဘယ်လာရင်က ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာ အတွက် ၄၉၄မိနစ်သာ ကစားခွင့် ရခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ စပို့တင်း လစ္စဘွန်းက သူတို့အသင်း ကနေ စပါးဆီ ပြောင်းတော့မယ့် စပိန် ညာနောက်ခံလူ ပေါ်ရိုရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ဘယ်လာရင်ကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေပြီး ဘာစီလိုနာကလည်း ဘယ်လာရင်ကို အငှားချဖို့ သဘောတူထားတာကြောင့် မကြာခင်မှာပဲ ဘယ်လာရင်ဟာ စပို့တင်း လစ္စဘွန်းရဲ့ ကစားသမားသစ် ဖြစ်လာဖို့ နီးစပ်နေကြောင်း သိရပါတယ်။

Photo Credit: The Athletic

ဘယ်လာရင်က ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်တော့တာကြောင့် သူဟာ ရာသီကုန်ရင် အသင်းလက်မဲ့ ကစားသမား တဦး ဖြစ်လာဖို့ ရှိနေပြီး စပို့တင်း လစ္စဘွန်းက အငှားကာလ အတွင်းမှာ ဘယ်လာရင်ရဲ့ ခြေစွမ်းကို သဘောကျရင် ဘယ်လာရင်ကို ကာလတို စာချုပ်နဲ့ ထပ်မံ ခေါ်ယူဖို့ပါ စီစဉ်ထားကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းထောက် တချို့က ဆိုကြပါတယ်။