ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးရဲ့ နံပါတ်တစ် ဂိုးသမား အယ်လီဆန်က လတ်တလောမှာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးသမား အိုနာနာဟာ ဂိုးသမားကောင်း တဦး ဖြစ်တာကြောင့် ယူနိုက်တက်ဟာ အိုနာနာကို အချိန်ပေးသင့်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် ကင်မရွန်း လက်ရွေးစင် ဂိုးသမား အိုနာနာက ပြီးခဲ့တဲ့ နွေဈေးကွက်မှာ အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန် ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသမား ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းကျော် ပေးချေခဲ့ရပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်က သက်တော်ရှည် ဂိုးသမား ဒေးဗစ် ဒီဂီယာကို လက်လွှတ်ကာ အိုနာနာကို အားကိုးတကြီးနဲ့ ခေါ်ယူခဲ့ပေမယ့် အိုနာနာက မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိပြီးနောက် အမှားတွေ အများကြီး ကျူးလွန်မိခဲ့ပြီး သူ့ရဲ့ ပေါ့ဆမှုတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပေးဂိုးတွေ အများကြီး ပေးခဲ့ရသလို အုပ်စုကနေပါ ပြုတ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေ အပါအဝင် ဘောလုံးရေးရာ သုံးသပ်သူတွေက ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ဟာ အမှားများနေတဲ့ အိုနာနာကို အရန်ခုံ ပို့ကာ ဒုတိယ ဂိုးသမား ဘယင်ဒါကို ပွဲထွက်ခွင့် ပေးသင့်ပြီလို့ တိုက်တွန်း အကြံပေးနေကြတာပါ။

Photo Credit: Sports Bible

အိုနာနာလိုပဲ စီးရီးအေကနေ ပရီးမီးယားလိဂ်ဆီ ပြောင်းလာတဲ့ လီဗာပူး ဂိုးသမား အယ်လီဆန်ကတော့ အိုနာနာကို အရန်ခုံ ပို့သင့်ပြီ ဆိုတဲ့ စကားတွေကို လက်မခံပဲ အိုနာနာဟာ ဂိုးသမားကောင်း တဦး ဖြစ်တာကြောင့် ယူနိုက်တက်ဟာ အိုနာနာကို အချိန်ပေးသင့်ကြောင်း ပြောကာ အိုနာနာကို ကာကွယ်ပေးသွားခဲ့ပါတယ်။

အယ်လီဆန်က – “အန်ဒရေ အိုနာနာဟာ အရမ်းကောင်းတဲ့ ဂိုးသမား တဦးပါ။ သူက ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ရာသီမှာလည်း အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ်။ သူက ဒေးဗစ် ဒီဂီယာလို လက်စွမ်းကောင်းနေဆဲ ဂိုးသမား တဦးရဲ့ နေရာကို အစားဝင်ဖို့ အတွက် ရောက်လာခဲ့တာပါ။ အိုနာနာက ဒီဂီယာရဲ့ နေရာကို အစားဝင်နိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် တခါတလေ ဂိုးသမားတွေက အသင်းသစ်နဲ့ အံဝင်ဖို့ အတွက် အချိန်ယူရတာမျိုး ရှိပါတယ်။ အသင်းသစ်ဆီ ပြောင်းတဲ့အခါ ၊ လိဂ်အသစ်ဆီ ပြောင်းတဲ့အခါ အသားကျဖို့ ကြိုးစားရတတ်ပါတယ်။ ကျွန်တော်ကတော့ အိုနာနာဟာ ယူနိုက်တက်မှာ အောင်မြင်လိမ့်မယ်လို့ ထင်ပါတယ်။ အခုချိန်မှာတော့ သူက လူတိုင်းရဲ့ ကူညီအားပေးမှုကို လိုအပ်နေပါတယ်” လို့ အိုနာနာကို အားပေးစကား ပြောကြားသွားခဲ့တာပါ။