မန်ချက်စတာ ယူနိုက်တက်အသင်းက ဒီနှစ် ဘောလုံးရာသီမှာ အသင်းရဲ့ ဂိုးသမားပိုင်းအတွက် အပြောင်းအလဲတွေ များစွာ လုပ်ဆောင်ခဲ့ပြီး ဒေးဗစ် ဒီဂီယာနဲ့ ဒင်း ဟန်ဒါဆန်တို့နေရာမှာ အန်ဒရေ အိုနာနာနဲ့ အာတေး ဘာယင်ဒါတို့ကို အစားထိုးသွားခဲ့ပါတယ်။

ဂိုးသမား (၂)ဦးအထိ ဖြည့်တင်းခဲ့ပေမယ့်လည်း ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ကတော့ သူနဲ့ အေဂျက်စ်မှာကတည်းက လက်တွဲခဲ့ဖူးတဲ့ ဂိုးသမား အိုနာနာကိုသာ အဓိက ဂိုးသမားအဖြစ် ဆက်တိုက် နေရာပေးခဲ့ပြီး အိုနာနာရဲ့ လက်စွမ်းတွေ မတည်ငြိမ်နေချိန်မှာတောင် အိုနာနာကိုပဲ နေရာပေးခဲ့ပါတယ်။

Photo Credit : ESPN

အိုနာနာကလည်း အာဖရိကဖလားပြိုင်ပွဲ ရှိနေချိန်မှာတောင် ယူနိုက်တက်အတွက် ရသလောက် ကစားပေးခဲ့တဲ့အပြင် တန်ဟက်ဂ်ကိုယ်တိုင်ကပါ အိုနာနာမှ အိုနာနာ ဖြစ်နေတဲ့အတွက် အိုနာနာ အာဖရိကပြိုင်ပွဲ ဆင်နွဲနေစဉ် FA Cup တစ်ပွဲကိုသာ ဘာယင်ဒါကို အသုံးပြုသွားခဲ့ပါတယ်။

တူရကီ ဂိုးသမား ဘာယင်ဒါကလည်း အဲ့ဒီပွဲမှာ သိပ်ပြီး လက်စွမ်းမပြနိုင်ခဲ့ပေမယ့် ဂိုးသမားတစ်ဦးရဲ့ စွမ်းဆောင်ရည်ကို ပွဲစဉ်တစ်ပွဲလေးနဲ့ အကဲခတ်လို့ မရနိုင်တာကြောင့် နောက်ထပ်ပွဲတွေမှာပါ ပွဲကစားခွင့်တွေ ထပ်ပေးဖို့က လိုအပ်ပါတယ်။ ဒါပေမယ့်လည်း တန်ဟက်ဂ်ကတော့ သူ့တပည်ကျော် အိုနာနာကိုသာ ဆက်လက် သုံးစွဲနေမြဲပါပဲ။

Photo Credit : Sporting News

အိုနာနာကပါ နောက်ပိုင်းပွဲတွေမှာ လက်စွမ်းတွေ ပြန်ကောင်းလာခဲ့တာကြောင့် ဘာယင်ဒါအနေနဲ့ ဆက်လက် နေရာပျောက်ဖို့က သေချာသလောက် ဖြစ်လာခဲ့ရပြီး အခုဆိုရင် လာမယ့်နွေမှာပဲ တူရကီကိုပြန်ပြီး ဂါလာတာစာရေးအသင်းဆီ ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေပြီလို့ သတင်းထွက်လာခဲ့ပါတယ်။

ဘာယင်ဒါရဲ့ ယူနိုက်တက် ကစားသမားဘဝ အနာဂတ်က နည်းပြတန်ဟက်ဂ်ရဲ့ အနာဂတ် အခြေအနေနဲ့ လုံးဝကို သက်ဆိုင်နေမှာဖြစ်ပြီး တကယ်လို့ တန်ဟက်ဂ်က ယူနိုက်တက်နည်းပြအဖြစ် ဆက်ရှိနေမယ်ဆိုရင်တော့ ဘာယင်ဒါလည်း နွေမှာပဲ အသင်းတစ်သင်းသင်းဆီကို သေချာပေါက် ပြောင်းရွှေ့သွားနိုင်ပါတယ်။