ဘိုင်ယန်မြူးနစ်အသင်းက လက်ရှိနည်းပြ သောမတ်စ် တူဟယ်လ်ကိုသာ ချက်ချင်း ထုတ်ပယ်ဖြစ်မယ်ဆိုရင် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ အိုလေ ဂန်နာ ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ခန့်အပ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဂျာမနီ နာမည်ကျော် ဘောလုံးနည်းပြ တူဟယ်လ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပြီးဆုံးဖို့ လပိုင်းအလောက်မှာပဲ ဘိုင်ယန်နည်းပြ ရာထူးကို လက်ခံခဲ့ပြီးနောက် အသင်းကို ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်လာအောင် ခက်ခက်ခဲခဲ စွမ်းဆောင်ပေးခဲ့ရပါတယ်။

Photo Credit : SPORTbible

ဒါပေမယ့် ဒီရာသီထဲ တူဟယ်လ်ရဲ့ စွမ်းဆောင်မှုတွေက လက်ခံနိုင်လောက်စရာ အနေအထားမှာ ရှိမနေပဲ ပြည်တွင်းဖလား (၂)ခုလုံးကို လက်လွတ်ထားရသလို အမှတ်ပေး ချန်ပီယံဆုအတွက်လည်း ထိပ်ဆုံးက လေဗာကူဆင်အသင်းနဲ့ပါ (၈)မှတ်အထိ ကွာဟနေရပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာပါ လာဇီယိုကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားခဲ့ရလို့ ဒုကျော့ ဂျာမနီမြေမှာ ကစားရမယ့် ပွဲစဉ်မှာတော့ ပြန်လည် အနိုင်ယူဖို့ မဖြစ်မနေ လိုအပ်နေပြီး ဒီပွဲကလည်း တူဟယ်လ်ရဲ့ အနာဂတ်အပေါ်မှာ အများကြီး မူတည်လျက် ရှိနေပါတယ်။

Photo Credit : Sport Witness

တကယ်လို့ ဘိုင်ယန်ဘက်ကသာ တူဟယ်လ်ကို ချက်ချင်းကြီး ထုတ်ပယ်ဖြစ်လိုက်မယ်ဆိုရင် သူတို့ အမှန်တကယ် အလိုရှိတဲ့ နည်းပြသစ်တစ်ဦး အလျင်အမြန် ခန့်အပ်ဖို့ မလွယ်တာကြောင့် အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြတစ်ဦးဦးကို ယာယီအဖြစ်နဲ့ ခန့်အပ်သွားဖို့ ရှိနေပြီး လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဆိုးလ်ရှားကို မျက်စိကျလျက် ရှိနေပါတယ်။

နည်းပြ ဆိုးလ်ရှားက မန်ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံလိုက်စဉ်ကတည်းက အခုအချိန်ထိ အသင်းလက်မဲ့ ဖြစ်လို့နေပြီး မကြာသေးခင်ကမှလည်း ဆွီဒင်လက်ရွေးစင်အသင်းနဲ့ပါ သတင်းထွက်ခဲ့ပါသေးတယ်။ အခုတော့ ဆိုးလ်ရှားက ဘိုင်ယန်နဲ့ အံ့အားသင့်စဖွယ် သတင်းထွက်ပေါ်လာခဲ့ပြီး တူဟယ်လ်ရဲ့ အနာဂတ်ဟာလည်း အတော်လေး စိတ်မချစရာ ဖြစ်လာခဲ့ရပါတယ်။