ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါး ၊ အီတလီ အင်အားကြီးကလပ် နာပိုလီ စတဲ့ ကလပ်တွေရဲ့ ပစ်မှတ်ကစားသမား ဖြစ်သူ ဂျီနိုအာကြယ်ပွင့် ဒရာဂူဆင်ကို ကြားဖြတ် ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၁နှစ် အရွယ် ရိုမေးနီးယား လက်ရွေးစင် လူငယ်ခံစစ်မှူး ဒရာဂူဆင်က ယခုနှစ် ဘောလုံးရာသီမှာ ဂျီနိုအာနဲ့အတူ တောက်ပနေတဲ့ ဗဟိုခံစစ်မှူး ဖြစ်ပြီး သူက ဒီရာသီမှာ ဂျီနိုအာအတွက် ပြိုင်ပွဲစုံ ၂၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ်ပါ ရရှိထားပါတယ်။

Photo Credit: The Sun

ညာခြေအားသန် ခံစစ်မှူး ဒရာဂူဆင်က ယခုနှစ် ဘောလုံးရာသီ အစကမှ ဂျူဗင်တပ် ကနေ ဂျီနိုအာထံ ပြောင်းရွှေ့ကြေး ယူရို ၅.၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ဗဟိုနောက်ခံလူ အဖြစ် ကစားနိုင်သလို လိုအပ်ရင် ညာနောက်ခံနဲ့ ဘယ်နောက်ခံ နေရာတွေမှာပါ ထွက်ကစားနိုင်ပါတယ်။

သူ့ရဲ့ အလားအလာနဲ့ နေရာစုံမှာ ဆော့ကစားနိုင်စွမ်းတို့ကြောင့် ပရီးမီးယားလိဂ်ကလပ် စပါးနဲ့ အီတလီကလပ် နာပိုလီတို့က သူ့ကို ခေါ်ယူနိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပြီး ယမန်နေ့မှာတော့ ဘိုင်ယန်မြူးနစ်ကပါ ဒရာဂူဆင်လုပွဲထဲကို ဝင်လာခဲ့ပါတယ်။

Photo Credit: Football Transfer

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ စပါးက ဒရာဂူဆင်ကို ခေါ်ယူဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပေမယ့် ဘိုင်ယန်မြူးနစ်ကလည်း ဒရာဂူဆင်ရဲ့ အေးဂျင့်နဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။

ဂျာမန်သတင်းထောက် ပလက်တန်ဘက်ခ်ကလည်း ဘိုင်ယန်မြူးနစ်ဟာ ဒရာဂူဆင်ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်းအား ထပ်ဆင့် အတည်ပြုပေးထားသလို ဘိုင်ယန်မြူးနစ်နဲ့ ဒရာဂူဆင် ကြားထဲမှာ ဆွေးနွေးမှုတွေ လုပ်နေကာ ဂျီနိုအာကတော့ ဒရာဂူဆင် အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၂၅သန်း + အပိုဆုကြေးတွေ လိုချင်နေကြောင်း ဖော်ပြထားပါတယ်။