ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် ဒီရာသီမှာ စတုဂတ်နဲ့အတူ တောက်ပနေတဲ့ တိုက်စစ်မှူး ဂွီရက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဂျာမန်အခြေစိုက် သတင်းရင်းမြစ်တွေက တညီတညွတ်ထဲ ဖော်ပြလာကြပါတယ်။

ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ အင်္ဂလန်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းကို စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၉၅သန်း အထိ ပေးကာ ခေါ်ယူထားပေမယ့် သူတို့ရဲ့ တိုက်စစ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။

Photo Credit: Goal

အထူးသဖြင့် ဘိုင်ယန်မြူးနစ်က အထောင်တိုက်စစ် နေရာမှာ ဟယ်ရီကိန်းနဲ့ ချူပိုမိုတင်တို့ နှစ်ဦးထဲသာ ပိုင်ဆိုင်ထားပြီး ချူပိုမိုတင်ကလည်း ယခု ဆောင်းဈေးကွက် (သို့) လာမယ့် နွေရာသီမှာ အသင်းကို စွန့်ခွာဖို့ ရှိနေတာကြောင့် ချူပိုမိုတင်ရဲ့ နေရာကို အစားဝင်နိုင်မယ့် အထောင်တိုက်စစ်မှူး တဦးအား ခေါ်ယူဖို့ လိုအပ်နေတာပါ။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ပလက်တန်ဘက်ရဲ့ အဆိုအရ ဘိုင်ယန်မြူးနစ်က စတုဂတ် တိုက်စစ်မှူး ဂွီရက်ဆီကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေပြီး ဘိုင်ယန်မြူးနစ်ဟာ ဂွီရက်ဆီကို ယခု ဆောင်းဈေးကွက်ထက် လာမယ့် နွေရာသီမှာသာ ခေါ်ယူချင်နေကြောင်း သိရပါတယ်။

Photo Credit: Goal

အသက် ၂၇နှစ် အရွယ် ဂီနီရာ တိုက်စစ်မှူး ဂွီရက်ဆီက ဒီရာသီမှာ စတုဂတ် အတွက် ပြိုင်ပွဲစုံ ၁၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၉ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပြီး သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးကတော့ ယူရို ၂၅သန်း ဝန်းကျင် ရှိပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် ၊ စပါး ၊ နယူးကာဆယ် စတဲ့ အသင်းတွေက ဂွီရက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဂွီရက်ဆီကတော့ သူ့ဆီ ရောက်လာတဲ့ ကမ်းလှမ်းမှုတွေ လက်ခံကာ သူ့ကို ပုံမှန် ပွဲထွက်ခွင့် ပေးနိုင်မယ့် အသင်းဆီ ပြောင်းဖို့ ဆုံးဖြတ်ထားပါတယ်။