ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကတော့ ဂျူဗင်တပ်ကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ ဗဟိုခံစစ်မှူး ဒီလစ်ကို ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချယ်လ်ဆီးနဲ့အပြိုင် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဒီလစ်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူး ၁၀ဦး စာရင်းဝင်သူ ဖြစ်ပြီး သူ့ရဲ့ အသက်အရွယ်နဲ့ ခြေစွမ်းကြောင့် လာမယ့် နှစ်အနည်းငယ် အတွင်းမှာပဲ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ ဖြစ်လာဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားသူပါ။

Photo Credit: Gazetta

ဒါကြောင့်ပဲ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ဒီလစ်ကို ခေါ်ယူဖို့ ယခုလ အစထဲက ကြိုးပမ်းနေခဲ့တာ ဖြစ်ပြီး ချယ်လ်ဆီးဟာ ဒီလစ်အတွက် တရားဝင် ကမ်းလှမ်းမှု ၂ကြိမ် လုပ်ခဲ့ပေမယ့် ဂျူဗင်တပ်ကတော့ ဒီလစ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း အထိ လိုချင်နေတာကြောင့် ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှု ၂ကြိမ်စလုံးကို ပယ်ချထားပါတယ်။

ဒီလစ်ကတော့ ဂျူဗင်တပ်နဲ့ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ခက်ခဲနေတာကြောင့် သူ့အတွက် အောင်မြင်မှုတွေ ရဖို့ ပိုနီးစပ်မယ့် ထိပ်တန်းအသင်း တသင်းဆီ ပြောင်းရွှေ့ချင်နေကာ ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ဒီလစ်အတွက် စုံစမ်းမှုတွေ စတင် ပြုလုပ်လာပါတယ်။

Photo Credit: Gazetta

နာမည်ကြီး သတင်းထောက် အယ်ဖရက်ဒို ပီဒူလာရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာပဲ ဒီလစ်အတွက် စုံစမ်းမှုတွေ ပြုလုပ်ထားပြီး အကယ်၍ ဂျူဗင်တပ်က ဒီလစ်အတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကိုသာ သူတို့ဘက်က ပေးချေနိုင်ရင် ဒီလစ်အတွက် ကမ်းလှမ်းမှု လုပ်မယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ချယ်လ်ဆီးက ဒီလစ်အတွက် ဂျူဗင်တပ်နဲ့ ဆက်သွယ်မှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်နေပြီး ဒီလစ်ကလည်း သူ့ကို ခေါ်ယူဖို့ အပူတပြင်း ကြိုးပမ်းနေတဲ့ ချယ်လ်ဆီးဆီသာ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Gazetta သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။