လာမယ့် ဘောလုံးရာသီသစ်အတွက် နည်းပြသစ်တစ်ဦးကို မဖြစ်မနေ လိုအပ်လာခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိအချိန်ထိ နည်းပြသစ် ရှာဖွေရေးမှာ အဆင်မပြေ ဖြစ်နေရတာကြောင့် သူတို့အသင်းမှာ အရန်အသင်းနည်းပြအဖြစ် ဆောင်ရွှက်ခဲ့ဖူးတဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်ကိုပါ အံ့အားသင့်စဖွယ် ချိန်ရွယ်လာခဲ့ပါတယ်။

လက်ရှိ အသင်းနည်းပြ သောမတ်စ် တူဟယ်လ် နဲ့ လက်တွဲဖြုတ်တော့မယ့် ဘိုင်ယန်က လေဗာကူဆင်နည်းပြ ဇာဘီ အလွန်ဆို ၊ ဂျာမနီနည်းပြ နာဂယ်စမန်း ၊ သြစတြီးယားနည်းပြ ရန်းနစ်တို့ကို ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ဒီနည်းပြတွေကတော့ ဘိုင်ယန်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး သူတို့ရဲ့ လက်ရှိအသင်းတွေမှာသာ ဆက်လက် ရှိနေခဲ့ပါတယ်။

Photo Credit : Bavarian Football Works

ဒါကြောင့် ဘိုင်ယန်က နောက်ထပ် options တွေအဖြစ် ဇီဒန်း ဒီဇာဘီတို့ကို ပစ်မှတ်ထားပေမယ့်လည်း အဆင်ပြေနိုင်ဖွယ် မရှိတာကြောင့် လက်ရှိ မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်နဲ့ ရီးယဲလ် ဆီဗီလာ ဝုလ်ဗ်နည်းပြဟောင်း လိုပက်တယ်ဂီတို့ကို shortlists ထဲ ထည့်သွင်းလာခဲ့ပါတယ်။ ဒီနည်းပြနှစ်ဦးထဲမှာတော့ ဘိုင်ယန်က သူတို့အသင်းမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ နယ်သာလန်လူမျိုး နည်းပြ တန်ဟက်ဂ်ကို ပိုမို အလိုရှိနေပါတယ်။

အေဂျက်စ်နည်းပြဟောင်း တန်ဟက်ဂ်က မနှစ်က ဘောလုံးရာသီကနေ စတင်ပြီး ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့ရင်း (၂)နှစ်တာကာလအတွင်းမှာ ပြည်တွင်း ရှုံးထွက်ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲတွေဆီကို (၃)ကြိမ်အထိ ပို့ဆောင်ထားပေးနိုင်ပြီး လိဂ်ဖလားတစ်လုံးကိုလည်း ရယူပေးထားနိုင်ပါတယ်။ ဒါပေမယ့်လည်း တန်ဟက်ဂ် လက်ထက်မှာ အသင်းရဲ့ကစားပုံက သိသိသာသာ တိုးတက်လာခြင်း မရှိပဲ ရုန်းကန်နေရတဲ့ အခြေအနေတွေကပါ ပိုများနေတာကြောင့် တန်ဟက်ဂ်ရဲ့ အနာဂတ်က မရေမရာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Football365

တန်ဟက်ဂ်ကိုယ်တိုင်ကတော့ လာမယ့်ဘောလုံးရာသီအထိ ယူနိုက်တက်နည်းပြအဖြစ်သာ ဆက်လက် ရှိနေသွားချင်နေပြီး တချို့သတင်းရင်းမြစ်တွေမှာလည်း ယူနိုက်တက်ဘက်က တန်ဟက်ဂ်ကို သူရဲ့စာချုပ်သက်တမ်း နောက်ဆုံးနှစ်ဖြစ်တဲ့ လာမယ့်ရာသီထိ အသင်းမှာ ဆက်ထားလောက်တယ်လို့ ဖော်ပြနေပေမယ့် ဒီရာသီအကုန်မှာတော့ တန်ဟက်ဂ်ရဲ့ အနာဂတ် အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့လာရနိုင်ပါတယ်။

ဒီအခြေအနေမှာ ဘိုင်ယန်ဘက်က တန်ဟက်ဂ်ရဲ့ အေးဂျင့်ဖြစ်သူတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိလို့နေကြောင်းကို နာမည်ကြီး ဘောလုံးသတင်းထောက် ပလက်တန်ဘာ့ချ်က ဖော်ပြလာခဲ့ပြီး ယူနိုက်တက်နဲ့ တန်ဟက်ဂ်တို့သာ လက်တွဲဖြုတ်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဘိုင်ယန်က တန်ဟက်ဂ်ကို သူတို့အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်သွားမှာ ​ဖြစ်တယ်လို့ သိရပါတယ်။ တန်ဟက်ဂ်ရဲ့ အခြေအနေကို ဘိုင်ယန်အပြင် သူ့အသင်းဟောင်း အေဂျက်စ်ကလည်း စောင့်ကြည့်လျက် ရှိနေပါတယ်။