ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က သူတို့ရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်သူ ဘာစီလိုနာ ဗဟိုနောက်ခံလူ အာရူဟိုကို ယခု ဆောင်းဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းကျော် ပေးကာ ခေါ်ယူချင်နေကြောင်း ဘိုင်ယန်မြူးနစ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဘိုင်ယန်မြူးနစ်က ခံစစ်ကြောင်းမှာ အူပါမီကာနို ၊ ဒီလစ် ၊ ကင်မင်ဂျေး စတဲ့ ထိပ်တန်း ဗဟိုနောက်ခံလူတွေကို ပိုင်ဆိုင်ထား​ပေမယ့် ကင်မင်ဂျေးက အာရှဖလားပြိုင်ပွဲ အတွက် သွားရဖို့ ရှိနေသလို ဒီလစ်ကလည်း ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက ယခု ဆောင်းဈေးကွက် အတွင်းမှာ ဗဟိုခံစစ်မှူးသစ် တဦး ခေါ်ယူဖို့ ကြိုးစားနေပြီး လတ်တလောမှာ ဘိုင်ယန်မြူးနစ်က စပါးဗဟိုနောက်ခံလူ ဒိုင်ယာကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ထားပါတယ်။

နာမည်ကြီး ဂျာမန်သတင်းထောက် ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ဒိုင်ယာအပြင် ဘာစီလိုနာ ခံစစ်မှူး အာရူဟိုကိုပါ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အာရူဟိုရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၈၀သန်းနဲ့ ၁၀၀သန်းကြားမှာ ရှိကာ ဘိုင်ယန်မြူးနစ်ကတော့ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းကျော်နဲ့ ခေါ်ယူလို့ ရမယ် ဆိုရင် အာရူဟိုကို ချက်ချင်း ခေါ်ယူမယ်လို့ သိရပါတယ်။

Photo Credit: Goal

ဘိုင်ယန်မြူးနစ်က အာရူဟို အတွက် ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းကျော် ပေးချေဖို့ အဆင်သင့် ရှိနေပေမယ့် ဘာစီလိုနာကတော့ ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းအောက် ကမ်းလှမ်းမှုတွေကို စဉ်းစားမှာ မဟုတ်ဘူးလို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒါကြောင့် ဘိုင်ယန်မြူးနစ်က ယခု ဆောင်းဈေးကွက် အတွင်းမှာ ဒိုင်ယာကို ခေါ်ယူပြီး လာမယ့် နွေဈေးကွက် ရောက်မှာ အာရူဟိုကို ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိနေပါတယ်။