ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ စွယ်စုံရ နောက်ခံလူ တိုမီယာဆုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လာမယ့် ဆောင်းဈေးကွက်မှာ တိုမီယာဆုကို ခေါ်ယူဖို့ ကြိုးစားလာနိုင်ကြောင်း ဂျာမဏီ ဒေသတွင်း သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဘိုင်ယန်မြူးနစ်က ခံစစ်ကြောင်းမှာ အူပါမီကာနို ၊ ဒီလစ် ၊ ကင်မင်ဂျေး ၊ အယ်ဖွန်ဆို ဒေးဗီးစ် ၊ ဂွာရဲရိုး ၊ မာဇရိုနီ ၊ ဆားလ် စတဲ့ ခံစစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် အူပါမီကာနို ၊ ဒီလစ် ၊ ကင်မင်ဂျေး စတဲ့ ကစားသမား ၃ဦးကသာ ဗဟိုခံစစ်မှာ ကစားနိုင်စွမ်း ရှိပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက လာမယ့် ဆောင်းဈေးကွက်မှာ ဗဟိုခံစစ်မှူး ၁ဦးကို ခေါ်ယူဖို့ စီစဉ်နေပြီး ဘိုင်ယန်မြူးနစ်ရဲ့ ပစ်မှတ်စာရင်းထဲမှာ မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ဗာရန်းနဲ့ အာဆင်နယ် ခံစစ်မှူး တိုမီယာဆုတို့ ပါဝင်နေပါတယ်။

အသက် ၂၅နှစ် အရွယ် ဂျပန်လက်ရွေးစင် တိုမီယာဆုက ဘိုလော့ဂ်နာ ကနေ အာဆင်နယ်ထံ ပြောင်းရွှေ့လာပြီးနောက် ညာနောက်ခံလူ အဖြစ်သာ ကစားနေရပေမယ့် ဘိုလော့ဂ်နာမှာ ကစားခဲ့စဉ်က ဗဟိုခံစစ်မှူး အဖြစ် ကစားခဲ့တာကြောင့် ဗဟိုခံစစ်နေရာမှာရော ညာနောက်ခံနေရာမှာပါ အကောင်းဆုံး ကစားနိုင်သူပါ။

Photo Credit: Football 365

နာမည်ကြီး ဂျာမန်သတင်းထောက် ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က တိုမီယာဆုကို ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားနေခဲ့တာ ဖြစ်ကာ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ တိုမီယာဆုကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အာဆင်နယ်က တိုမီယာဆုကို မရောင်းချချင်တာကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့တာလို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်က နွေဈေးကွက်မှာ တိုမီယာဆုကို ခေါ်ယူဖို့ ကြိုးစားရာ မအောင်မြင်ခဲ့ပေမယ့် လာမယ့် ဆောင်းဈေးကွက်နဲ့ နွေဈေးကွက်မှာ တိုမီယာဆုကို ခေါ်ယူဖို့ ထပ်မံ ကြိုးစားဦးမှာ ဖြစ်ပြီး အာဆင်နယ်ကတော့ ရာသီဝက်ကာလမှာ တိုမီယာဆုလို စွယ်စုံရ ခံစစ်မှူးကို လက်လွှတ်ဖွယ် မရှိကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsက ဆိုပါတယ်။