ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ့် နည်းပြချုပ် သောမတ်စ် တူဟယ်လ်ရဲ့ နေရာအတွက် အသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ နာဂယ်စမန်းကို ပြန်လည် ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်နေပေမယ့် အကယ်၍ နာဂယ်စမန်းကသာ သူတို့ဆီ ပြန်လာဖို့ ငြင်းလိုက်ရင် အက်စ်တွန်ဗီလာ နည်းပြချုပ် အူနိုင်း အမ်မရီကို ပြောင်းလဲ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဂျာမဏီဒေသတွင်း သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဘိုင်ယန်မြူးနစ်က ဥရောပချန်ပီယံ ပြန်ဖြစ်ချင်တာကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ခါနီးမှာ နာဂယ်စမန်းကို ရာထူးကနေ ဖယ်ရှားကာ ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား ရယူဖူးတဲ့ တူဟယ်လ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပေမယ့် တူဟယ်လ်ရဲ့ လက်အောက်မှာ သူတို့အသင်းရဲ့ ရလဒ်တွေဟာ အတော်လေးကို ဆိုးဝါးနေပါတယ်။

Photo Credit: UEFA

တူဟယ်လ်ရဲ့ လက်အောက်မှာ ဘိုင်ယန်မြူးနစ်က ဂျာမန်စူပါဖလားပွဲမှာ လိုက်ပ်ဇစ်ကို ရှုံးနိမ့်ခဲ့သလို ၁၁နှစ်ဆက်တိုက် ရရှိခဲ့တဲ့ ဘွန်ဒက်လီဂါ ချန်ပီယံဘွဲ့ကိုလည်း လေဗာကူဆင်ဆီ လွှဲပေးခဲ့ရပါတယ်။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်က ဂျာမန် ပိုကယ်ဖလားပြိုင်ပွဲကနေ အစောကြီး ထွက်ထားရတာကြောင့် ဒီရာသီမှာ ဖလားလက်မဲ့ ဖြစ်ဖို့ အတော်လေး နီးစပ်နေပါတယ်။

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေနဲ့ တူဟယ်လ်တို့က ရာသီကုန်ချိန်မှာ နှစ်ဦးသဘောတူ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြပြီး အခုချိန်မှာတော့ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက သူတို့အသင်းနဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်နေသေးတဲ့ နာဂယ်စမန်းကို အသင်းဆီ ပြန်ခေါ်ဖို့ ကြိုးစားနေပါတယ်။

Photo Credit: Caught Offside

နာမည်ကြီး ဂျာမန်သတင်းထောက် ပလက်တန်ဘက်ခ်ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က နာဂယ်စမန်းကို သူတို့ရဲ့ နံပါတ်တစ်ပစ်မှတ် အဖြစ် သတ်မှတ်ကာ အသင်းဆီ ပြန်ခေါ်ဖို့ ကြိုးစားနေပေမယ့် အကယ်၍ နာဂယ်စမန်းကို မခေါ်နိုင်ခဲ့ရင် ဘယ်သူတွေကို အစားထိုး ခေါ်ယူမလဲ ဆိုတာ စဉ်းစားထားပြီးပြီ ဖြစ်ကာ ဘိုင်ယန်မြူးနစ်က အက်စ်တွန်ဗီလာနည်းပြ အူနိုင်း အမ်မရီကို နည်းပြလောင်းစာရင်းထဲ ထည့်သွင်းထားကြောင်း သိရှိရပါတယ်။

အသက် ၅၂နှစ် အရွယ် စပိန်လူမျိုး နာမည်ကြီးနည်းပြ အူနိုင်း အမ်မရီက လက်ရှိမှာ ပရီးမီးယားလိဂ်ကလပ် အက်စ်တွန်ဗီလာကို ကိုင်တွယ်နေသူ ဖြစ်ပြီး အမ်မရီရဲ့ လက်အောက်မှာ ဗီလာရဲ့ ကစားပုံက အသင်းကြီးတွေကို ယှဉ်ပြိုင်နိုင်တဲ့ အဆင့် အထိ တိုးတက်လာသလို ဗီလာဟာ ယခုနှစ်ရာသီမှာ စပါး ၊ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီး ၊ နယူးကာဆယ် စတဲ့ အင်္ဂလန်ရဲ့ နာမည်ကြီးအသင်းတွေကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့လည်း နီးစပ်နေပါတယ်။