အာဆင်နယ်အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ရဲ့ လက်ရှိ အခြေအနေတွေကို ဘိုင်ယန်မြူးနစ် နဲ့ ချယ်လ်ဆီးအသင်းတို့က စောင့်ကြည့်လျက် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အာဆင်နယ်ရဲ့ အဓိက ပင်တိုင် ဂိုးသမားဖြစ်တဲ့ ရမ်းစ်ဒေးလ်ဟာ အာဆင်နယ်အသင်း ဂိုးပေါက်မှာ ပွဲပေါင်းများစွာ ကစားခွင့်ရခဲ့ပေမယ့်လည်း ပေါ့ဆတဲ့ အမှားတွေ ကျူးလွန်တက်တဲ့ ဂိုးသမားလို့ ဝေဖန်မှုတွေ ခံနေရတဲ့အပြင် ဒီတစ်ပတ် အဲဗာတန် နဲ့ အာဆင်နယ်တို့ ပွဲစဉ်မှာလည်း နည်းပြ အာတီတာက ရမ်းစ်ဒေးလ်ကို ချန်လှပ်ပြီး ဒေးဗစ် ရာယာနဲ့သာ ပွဲထွက်လာခဲ့ပါတယ်။

Photo Credit : Sky Sports

အာဆင်နယ်နည်းပြ အာတီတာကတော့ ရမ်းစ်ဒေးလ်နေရာမှာ ရာယာကို အသုံးပြုခဲ့ခြင်းက ရမ်းစ်ဒေးလ်ရဲ့ အမှားတွေကြောင့် အနားပေးခဲ့တာ မဟုတ်ပဲ ဂိုးသမားနှစ်ယောက်ကို အလှည့်ကျ ကစားစေခြင်းသာ ဖြစ်တယ်လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အာဆင်နယ်အတွက် (၃၄)ပွဲအထိ ပွဲထွက်ကစားခဲ့ရပြီး ဒဏ်ရာ နဲ့ ကြံခိုင်မှု ပြသာနာတွေ လုံးဝမရှိခဲ့တဲ့ ရမ်းစ်ဒေးလ်အနေနဲ့ အခုလို ပွဲကစားခွင့်တွေ နည်းပါးလာမှာကို မလိုလားတာကြောင့် ရမ်းစ်ဒေးလ်နဲ့ အာဆင်နယ်တို့ အခြေအနေကို ဘိုင်ယန် ချယ်လ်ဆီးတို့က စောင့်ကြည့်လာခဲ့ပါတယ်။

Photo Credit : The Sun

ဒါပေမယ့် အာတီတာကတော့ အသင်းရဲ့ ဂိုးပေါက်မှာ ရမ်းစ်ဒေးလ် ရာယာ နဲ့ ကားလ်ဟင်းတို့လို ဂိုးသမား (၃)ဦးထိ ရှိနေတာဖြစ်လို့ ဒီဂိုးသမားတွေကို ပွဲကစားခွင့် ပေးသွားဖို့ လိုအပ်ကြောင်း ရှင်းလင်းထားပြီး ရမ်းစ်ဒေးလ်ကိုလည်း အသင်းမှာသာ ဆက်ထိန်းသွားဖွယ်သာ ရှိနေပါတယ်။

အသက် (၂၅)နှစ်အရွယ် ရှက်ဖီး နဲ့ ဘုန်းမောက်အသင်းတို့ရဲ့ ဂိုးသမားဟောင်း ရမ်းစ်ဒေးလ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ PFA Team of the Year လူစာရင်းမှာ ဂိုးသမားနေရာကနေ ရွေးချယ်ခံလိုက်ရပါသေးတယ်။