ဘိုင်ယန်မြူးနစ်အသင်းကတော့ မကြာခင်မှာ အသင်းကနေ လက်လွတ်သွားရဖို့ ရှိနေတဲ့ ကနေဒါ လက်ရွေးစင် ဘယ်နောက်ခံကစားသမား အယ်လ်ဖွန်ဆို ဒေးဗီးစ်နေရာအတွက် လီဗာပူးလ်အသင်းရဲ့ ဘယ်နောက်ခံ အန်ဒရူး ရောဘတ်ဆန်နဲ့ အစားထိုးသွားချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အယ်လ်ဖွန်ဆို ဒေးဗီးစ်က ဘိုင်ယန်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူတွေထဲမှာလည်း တစ်ဦးအပါအဝင်လည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒေးဗီးစ်ဟာ ရီးယဲလ် မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ အတော်လေး နီးစပ်နေပြီ ဖြစ်သလို သဘောတူညီလည်း ရရှိထားပါသေးတယ်။

Photo Credit : ESPN

The Athletic ရဲ့ သတင်းဖော်ပြချက်တွေအရ ရီးယဲလ်က အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို ခေါ်ယူဖို့အတွက် ကစားသမားနဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပြီလို့ ဖော်ပြထားတာကြောင့် ဘိုင်ယန်က ဒေးဗီးစ်နေရာအတွက် သေချာပေါက် ကစားသမား အစားထိုးဖို့ လိုအပ်လာခဲ့ပါတယ်။

ကနဦးပိုင်းမှာတော့ ဘိုင်ယန်က အေစီမီလန်အသင်းရဲ့ ပြင်သစ် ဘယ်နောက်ခံကစားသမား လီယို ဟာနန်ဒက်ဇ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပေမယ့် မီလန်က ဟာနန်ဒက်ဇ်လို အသင်းရဲ့ အဓိက ကစားသမားမျိုး လက်လွတ်ခံမှာ မဟုတ်ပဲ အသင်းမှာသာ ဆက်ထားသွားမှာပဲ ဖြစ်ပါတယ်။

Photo Credit : theScore

ဒါကြောင့် ဘိုင်ယန်က ပစ်မှတ်ပြောင်းလဲလာခဲ့ပြီး လီဗာပူးလ်ရဲ့ စကော့တလန် ဘယ်နောက်ခံလူ ရောဘတ်ဆန်ကို ချိန်ရွယ်လာခဲ့ပါတယ်။ ရောဘတ်ဆန်ကလည်း လီဗာပူးလ်ရဲ့ main player ဖြစ်ပေမယ့်လည်း ဒီရာသီအကုန်မှာ အသင်းနည်းပြ ယာဂင် ကလော့ပ်က အသင်းကနေ ထွက်ခွာတော့မှာမို့ ရောဘတ်ဆန်ရဲ့ အနာဂတ်ဟာလည်း စောင့်ကြည့်ချင်စရာ ဖြစ်လာခဲ့ပါတယ်။

အသက် (၂၉)နှစ်အရွယ် စကော့ ဘယ်နောက်ခံလူ ရောဘတ်ဆန်ဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် လီဗာပူးလ်မှာက ဆုဖလား အစုံအလင်လည်း ရရှိထားပြီ ဖြစ်တာမို့ အပြောင်းအလဲ အတွေ့အကြုံသစ် ရှာဖွေလာနိုင်ဖွယ် ရှိနေပါတယ်။