ဘာစီလိုနာအသင်းကတော့ အသင်းရဲ့ အနာဂတ်မှာ အားထားရမယ့် အရည်အသွေးမြင့် လူငယ် ကစားသမားတစ်ဦးကို ယူရို (၁၀)သန်းတန် package တစ်ခုနဲ့ ခေါ်ယူသွားနိုင်ဖို့အတွက် အလွန်ကို အခြေအနေကောင်းလို့နေပြီပဲ ဖြစ်ပါတယ်။

ဒီကစားသမားလေးကတော့ အသက် (၁၇)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ကွင်းလယ်လူ လူးကပ်စ် ဘာ့ဂျ်ဗယ်လ်ဆိုသူ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ ဆွီဒင် လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံထားရသူ ဘာ့ဂျ်ဗယ်လ်ကို ဘာစီလိုနာ အပါအဝင် ဥရောပ ကလပ်အသင်းတွေကလည်း စိတ်ဝင်စားနေကြပါတယ်။

Photo Credit : Pano Scout X

ဘာ့ဂျ်ဗယ်လ်ဟာ အသက် (၁၄)နှစ်သား အရွယ်လောက်က မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပိုင်းတွေ အစမ်းသပ်ခံခဲ့ပေမယ့်လည်း အဲ့ဒီအချိန်တုန်းက ယူနိုက်တက်လို အသင်းမျိုးဆီ ပြောင်းရွှေ့ခွင့် မရရှိခဲ့ပဲ မကြာသေးခင်ကမှ ဆွီဒင်ရဲ့ အသင်းကြီးတစ်သင်းဖြစ်တဲ့ Djurgårdens IF အသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့ရပါတယ်။

ကွင်းလယ်ကစားသမားလေး ဘာ့ဂျ်ဗယ်လ်ရဲ့ ခြေစွမ်းပိုင်းတွေနဲ့ ပတ်သက်ပြီး ဗြိတိန်ရဲ့ သတင်းစာတစ်စောင်ဖြစ်တဲ့ The Guardian က ၂၀၀၆ခုနှစ်ဖွား လူငယ် ဘောလုံးသမားတွေထဲကမှ အကောင်းဆုံး ကစားသမားတစ်ဦးလို့ အမွှမ်းတင် ဖော်ပြခဲ့ပါတယ်။

Photo Credit : Transfermarket

ဒါကြောင့်လည်း ဘာ့ဂျယ်ဗယ်လ်ကို လတ်တလောမှာ ကလပ်အသင်းကြီးတွေက စိတ်ဝင်စားလာခဲ့ပြီး လက်ရှိမှာတော့ ဘာစီလိုနာက စိတ်ဝင်စားနေတဲ့အပြင် ဘာ့ဂျ်ဗယ်လ်ကို ခေါ်ယူနိုင်ဖို့ကလည်း အခြေအနေ အလွန်ကောင်းမွန်နေပြီလို့ ဖာဘရီဇီယို ရိုမာနိုကနေ ဖော်ပြထားခဲ့ပါတယ်။

ဘာစီလိုနာအသင်းက ဆွီဒင် လူငယ် ကွင်းလယ်လူ ဘာ့ဂျ်ဗယ်လ်အတွက် ပြောင်းရွှေ့ကြေး ယူရို (၇)သန်း + အပိုဆုကြေး ယူရို (၃)သန်းနဲ့ ကမ်းလှမ်းထားမှုကို Djurgårdens IF အသင်းဘက်ကနေ လာမယ့် တစ်ပတ်လောက်မှာပဲ လက်ခံသွားဖို့ ရှိနေပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ လုံးဝ ဆန္ဒရှိပေမယ့် ဘာစီလိုနာနဲ့တော့ လာမယ့် ဇူလိုင်လလောက်မှသာ စတင် ပူးပေါင်းနိုင်ဖွယ်လည်း ရှိနေပါတယ်။