စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက သူတို့အသင်းရဲ့ ကြယ်ပွင့် ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီရဲ့ အသင်းခေါင်း​ဆောင်လည်း ဖြစ်တဲ့ လီယွန်နယ် မက်ဆီကို လာမယ့် ဆောင်းဈေးကွက်မှာ ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ စီစဉ်နေကြောင်း စပိန်အခြေစိုက် သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အသက် ၃၆နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပီအက်စ်ဂျီကနေ အင်တာ မိုင်ယာမီဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူပဲ ဖြစ်ပါတယ်။

Photo Credit: Goal

မက်ဆီက အင်တာ မိုင်ယာမီဆီ ရောက်ရောက်ချင်းမှာပဲ သူ့ရဲ့ သူမတူတဲ့ ခြေစွမ်းကောင်းတွေနဲ့ ရှုံးထွက်ဖလား ၁လုံးကို ရယူပေးနိုင်ခဲ့ပြီး အဆိုပါဆုဖလားက အင်တာ မိုင်ယာမီရဲ့ သမိုင်းမှာ ပထမဦးဆုံး ဆုဖလား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

မက်ဆီက သူ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေ ဖြစ်တဲ့ ဘူးစကွက် ၊ အယ်လ်ဘာ စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ အင်တာ မိုင်ယာမီကို မေဂျာလိဂ်ရဲ့ အင်အားကြီးအသင်း ဖြစ်လာအောင် ကြိုးစားပေးနေပေမယ့် မိုင်ယာမီက မေဂျာလိဂ်ရဲ့ ပထမရာသီဝက်မှာ ရလဒ်တွေ အတော်လေး ဆိုးခဲ့တာကြောင့် ရာသီကုန်မှာ ကျင်းပမယ့် မေဂျာလိဂ်ပြိုင်ပွဲရဲ့ Play Offs အဆင့်ဆီ တက်လှမ်းနိုင်ဖို့ မလွယ်ကူတဲ့ အခြေအနေကို ရောက်နေပါတယ်။

Photo Credit: Mirror

နာမည်ကြီး စပိန်သတင်းဌာန တခု ဖြစ်တဲ့ Sportရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက အင်တာ မိုင်ယာမီနဲ့ မက်ဆီတို့ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အကယ်၍ အင်တာ မိုင်ယာမီကသာ Play Offs အဆင့်ဆီ မတက်လှမ်းနိုင်ခဲ့ဘူး ဆိုရင် မက်ဆီ​ကို ဇန်နဝါရီမှာ အငှားနဲ့ ခေါ်ယူဖို့ စဉ်းစားထားကြောင်း သိရပါတယ်။

မေဂျာလိဂ်ရဲ့ ပုံမှန် ဘောလုံးရာသီက ဖေဖော်ဝါရီလမှာ စတင်ကာ အောက်တိုဘာလမှာ ကုန်ဆုံးလေ့ ရှိတာကြောင့် ဥရောပကလပ်တွေက ဆောင်းဈေးကွက်မှာ မေဂျာလိဂ်ရဲ့ ကစားသမားတွေကို အငှားနဲ့ ခေါ်ယူလေ့ ရှိကြပါတယ်။